မဲခေါင်၊ သြဂုတ် ၁၀
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သဲတောင် တိုက်ပွဲမှာ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား သြဂုတ်လ ၂ ရက်စပြီး ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေကာ တိုက်ပွဲ အနီးရှိ ဖရူဆို လမ်းမကြီးကို ပြန်ရဖို့ စစ်ကောင်စီ စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ ရှေ့တန်းရောက် ရဲဘော် တစ်ဦးက ပြောပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများနေပြီး စစ်တပ်ရဲ့ လက်နက် ခဲယမ်းတွေနဲ့ ရိက္ခာတွေကို သိမ်းဆည်း ရရှိထားတယ်လို့ သူကဆိုပါတယ်။
“ ဖရူဆိုလမ်းကို ပြန်သုံးချင်တာပါ။ လွတ်လွတ်လပ်လပ် သုံးချင်တာ၊ မယ်စဲ့ကို ထောက်ပို့ လုပ်ချင်လို့ လမ်းကို အပိုင်ရဖို့ လုပ်နေတာ။ ရိက္ခာတွေနဲ့ လူအင်အားတွေ ထပ်ပို့ချင်နေတာ မယ်စဲ့ကို။ ကျွန်တော်တို့ဘက်က သူတို့ ရိက္ခာ ရလိုက်တာက ဆန်အိတ်ပေါင်း ၃ သောင်းကျော်တယ်လေ၊ လက်နက်ခဲယမ်းတွေလည်း နည်းတာ မဟုတ်ဘူး ရလိုက်တာ” လို့ သူက ပြောပါတယ်။
သဲတောင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၅၀ ထက်မနည်း သေဆုံးပြီး ကာကွယ်ရေးတပ်ဘက်က တစ်ဦး ကျဆုံးကာ ဒဏ်ရာရသူတွေ ရှိတယ်လို့ သိရပေမယ့် ကာကွယ်ရေးတပ်တွေက တရား၀င် ထုတ်ပြန်တာ မရှိသေးပါဘူး။
တိုက်ပွဲ ရက်ရှည် ပြင်းထန်ကာ သေဆုံးမှု များနေတဲ့ စစ်ကောင်စီတပ်က လက်ရှိ ပြောက်ကျားစနစ်ကို သုံးပြီး ယောင်ပြ စစ်ကြောင်းက အရင်လာကာ ကာကွယ်ရေးတပ်တွေရဲ့ တည်နေရာသိဖို့ ကြိုးစားပြီးမှ လက်နက်ကြီး ပစ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
CJ-004
#Mekongnews
#ဒီးမော့ဆိုမြို့နယ်
#ဖရူဆိုလမ်းမကြီး
#ဗုံးကြဲ