မဲခေါင်၊ ဩဂုတ် ၂၀
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ တောင်လေးလုံး အကျဉ်းထောင် ဖောက်မှုမှာ ပစ်ခတ် ဖမ်းဆီးခံရတဲ့ ၂ ဦးထဲက ကိုနန်းဝင်းအောင်ဟာ နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် သြဂုတ်လ ၁၈ ရက်နေ့က သေဆုံးသွားတယ်လို့ သိရပါတယ်။
အခုနှစ် မတ်လ ၁၄ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တောင်လေးလုံး အကျဉ်းထောင် ဖောက်ပြေးမှုမှာ တောင်ကြီးမြို့ အခြေစိုက် ရှမ်းရိုးမ SYM-UGPDF အဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရရာ ဆရာသော် ဆိုသူ ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်တစ်ဦးဖြစ်တဲ့ ကိုနန်းဝင်းအောင် ကတော့ ရရှိထားတဲ့ သေနတ် ဒဏ်ရာနဲ့ ထောင်ဝန်ထမ်းတွေ ရိုက်နှက် နှိပ်စက်တာကြောင့် ခန္ဓာကိုယ် အောက်ပိုင်းသေပြီးနောက် သေဆုံးခဲ့တာလို့ သိရပါတယ်။
“ကျည်ဆန်ဒဏ်ရာ ရကတည်းက ဆေးသေချာ မကုရသလို အနာအဖြစ်လိုက်နဲ့ ဒီတိုင်းထားထားတာ တစ်ပတ်လောက်ထိ ကြာသွားတယ်လို့ သိရပါတယ်ဗျ။ အဲ့တာပြီးကတည်းက အဲ့ဒဏ်ရာက မသက်သာလာတာ အခု ကျဆုံးတဲ့ အချိန်ထိပဲ” လို့ ကိုနန်းဝင်းအောင် ရဲ့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
အကျဉ်းထောင်က ရိုက်နှက် နှိပ်စက်ပြီး ဆေးမကုပေးတာ၊ လုံးဝ မသက်သာတဲ့အချိန်မှ တောင်ကြီး စဝ်စံထွန်းဆေးရုံ ပို့ပေးပေမယ့် ဆရာဝန် ရက်ချိန်းအတိုင်း အချိန်မှန် ကုသခွင့် မပေးတာတွေကြောင့် မသက်သာဘဲ ဩဂုတ်လ ၁၈ ရက်နေ့မှာ ဆေးရုံမှာ ဆေးကုသမှု ခံယူရင်း ဆုံးပါးခဲ့တာလို့ မိသားစုဝင်နဲ့ နီးစပ်သူ တစ်ဦးထံက သိရပါတယ်။
ကိုနန်းဝင်းအောင် ဟာ တောင်ကြီးမြို့နယ်၊ လယ်ငယ်ရွာဇာတိဖြစ်ပြီး ကျောက်မိုင်း လုပ်ကိုင်ခဲ့တာကြောင့် မိုင်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ကာ တောင်ကြီးမြို့ပြ ပြောက်ကျားအဖွဲ့တွေ အတွက် အထောက်အကူများစွာ ပြုခဲ့တယ်လို့ သိရပါတယ်။
ရှမ်းရိုးမ SYM-UGPDF တည်ထောင်သူကတော့ “ နန်းဝင်းအောင်နဲ့ ဆရာသော် တို့လို အသက်ပေးသွားတဲ့ ရဲဘော်တွေ အတွက် ကျန်ရှိနေသေးတဲ့ တော်လှန်ရေး တာဝန်တွေကို ဆက်လက် ကြိုးစား ထမ်းဆောင်ပါ့မယ်။ သစ္စာ ၄ ချက်အတိုင်း ဆက်လက် ကြိုးစားသွားပါ့မယ်” လို့ မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ကိုနန်းဝင်းအောင် နဲ့ ဆရာသော် တို့ဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က စစ်ကောင်စီ ဒုခေါင်းဆောင် စစ်ဗိုလ်ချုပ်စိုးဝင်း လာမယ့် ယာဉ်တန်းကို ဗုံးဖောက်ခွဲ တိုက်ခိုက်ဖို့ စီစဥ်တဲ့ မစ်ရှင်အပြီး တစ်ပတ်ခန့်အကြာ ဇူလိုင်လဆန်းပိုင်းမှာ တနေ့တည်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ထောင်ဖောက်ပြေးမှုမှာလည်း အတူတူ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
CJ-001
#MeKongNews
#တောင်လေးလုံးထောင်
#ရှမ်းရိုးမ
#SYM_UGPDF
#တောင်ကြီး
#ရှမ်းတောင်