မဲခေါင်၊ ဧပြီ ၁၈
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်လေးလုံး အကျဉ်းထောင်မှာ မနေ့က လွတ်ငြိမ်း အမိန့်နဲ့ အကျဉ်းသားတချို့ ပြန်လွှတ်ပေးခဲ့ပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေ မပါဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။
တောင်လေးလုံး အကျဉ်းထောင်မှာ မတရားချုပ်နှောင် ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိပေမယ့် မနေ့က စစ်ကောင်စီပေးတဲ့ လွတ်ငြိမ်းမှာ ပြန်မလွတ်လာဘူးလို့ ရှမ်းနိုင်ငံရေး နိုင်ငံရေး အကျဉ်းသားတွေကို ကူညီနေသူ တစ်ဦးက ပြောပါတယ်။
“မနေ့က လွတ်ငြိမ်းကို စောင့်ကြည့်နေတာပါ။ တောင်လေးလုံးကနေ အကျဉ်းသား တစ်ချို့ ပြန်လွှတ်ပေးခဲ့ပေမဲ့ ဒီထဲမှာ ခုထိ နိုင်ကျဉ်း လွတ်တဲ့ထဲပါတာ မကြားရသေးဘူး” လို့ သူကပြောပါတယ်။
တောင်လေးလုံး အကျဉ်းထောင်က ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ အမျိုးသမီး တစ်ယောက်မှ မပါဘဲ အမျိုးသားတွေသာ ပြန်လွှတ်ပေးခဲ့တာလို့ သူက ဆိုပါတယ်။
စစ်ကောင်စီက မနေ့က နှစ်ဆန်းတစ်ရက်နေ့မှာ လွတ်ငြိမ်းအမိန့် ထုတ်ပြန်ပြီး နိုင်ငံအနှံ့ အကျဉ်းထောင်ထဲက အကျဉ်းသားတွေ လွှတ်ပေးနေပေမဲ့ နိုင်ငံရေး အကျဉ်းသား ပြန်လွှတ်ပေးတာ လက်ချိုးရေလို့ရတယ်လို့ နိုင်ငံရေး အကျဉ်းသား ကူညီနေသူ တစ်ဦးက ပြောပါတယ်။
နှစ်ဆန်းတစ်ရက်နေ့မှာ အကျဉ်းသား ၃,၀၁၅ ဦးကို ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီက မနေ့က ထုတ်ပြန်ပြီး နိုင်ငံရဲ့ အကြီးဆုံး အင်းစိန်ထောင်က ကား ၉ စီးအပြည့် ပြန်လွှတ်ပေးခဲ့ပေမဲ့ နိုင်ငံရေး အကျဉ်းသားနဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေ မပါဝင်ပါဘူး။
အလားတူ အခြား အကျဉ်းထောင်တွေမှာလည်း ခိုးဆိုးလုယက်သူတွေ၊ မူးယစ်ဆေးမှုတွေနဲ့ စစ်ပြေးတွေကိုသာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။
MK-007
#MeKongNews
#တောင်လေးလုံးထောင်
#နိုင်ငံရေး အကျဉ်းသား
#လွတ်ငြိမ်း