မဲခေါင်၊ ဇူလိုင် ၉
သံဖြူဇရပ်မြို့နယ်၊ တောင်ကလေး ရဲစခန်းနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်က ခလယ်တံခွန်တိုင် ရဲစခန်း၊ လျှပ်စစ် ဓာတ်အားခွဲရုံကို ဇူလိုင်လ ၆ ရက်နဲ့ ၇ ရက်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး စစ်ကောင်စီဘက်က ငွေကျပ်သန်းပေါင်း ၂၀၀၀ ခန့် ဆုံးရှုံးသွားတယ်လို့ တောင်ပိုင်းတိုင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့-S.O.Fက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဇူလိုင်လ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ တောင်ကလေးရဲစခန်းနဲ့ ခလယ်တံခွန်တိုင်ရဲစခန်းတို့ကို KNLA၊ S.O.F နဲ့ Cloud Wings ဒရုန်းတပ်ဖွဲ့က ရှေ့ထွက်မိုင်း၊ ဒရုန်းဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့ရာ တောင်ကလေး ရဲစခန်းက ရဲ ၂ ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားသလို၊ ခလယ်တံခွန်တိုင် ရဲစခန်းက စစ်သားတစ်ဦး သေဆုံးပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၇ ရက်မှာ စစ်ကောင်စီ အုပ်ချုပ်ရေးရုံးတွေ အတွက် အဓိက အသုံးပြုနေတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံက 66/33 KV(30) MVA Main Transformer (AG) ၂ လုံး၊ 66/11 KV(30)MVA Main Transformer (AG) ၂ လုံး အပါအဝင် Control Box၊ လျှပ်စစ်ပစ္စည်း၊ အဆောက်အုံတွေ မီးလောင်ခဲ့ တာကြောင့် ခန့်မှန်း ငွေကျပ်သန်းပေါင်း ၂၀၀၀ (၂ ဘီလီယံကျပ်) ခန့် စစ်ကောင်စီ ဆုံးရှုံးနစ်နာ ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါ စစ်ဆင်ရေးမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ အထိအခိုက်မရှိဘဲ နောက်ထပ် စစ်တပ် အခြေပြု နေရာတွေနဲ့ စီးပွားရေး ထောက်တိုင်တွေကို ဆက်လက် တိုက်ခိုက်မယ်လို့ သတ်ပေးထားပါတယ်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F ဟာ အမျိုးသား ညီညွတ်ရေးအစိုးရ-NUG လက်အောက်ခံ တောင်ပိုင်းတိုင်း စစ်ဆင်ရေး တပ်ရင်းဖြစ်ပြီး တိုင်းရင်သား တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်း တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။
MK-007
#MeKongNews
#S.O.F
#ဒရုန်း
#NUG