မဲခေါင်၊ ဩဂုတ် ၅
ကရင်နီပြည်နယ်မှာ ဇူလိုင်လ အတွင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF ပါဝင်တဲ့ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၃၃ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၄ ဦး သေဆုံးခဲ့တယ်လို့ KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။
အဲ့ဒီတိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို အရှင်ဖမ်းမိသလို လက်နက်ငယ် ၈ လက်နဲ့ ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိ ခဲ့တယ်လို့ KNDF ကဆိုပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်ကို ဖြတ်ပြီး လွိုင်ကော်မြို့နယ်သို့ ဝင်လာတဲ့ ထောက်ပို့ စစ်ယာဥ်တန်းကို လွိုင်ကော်မြို့ အနီးမှာ ကရင်နီ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကား ၃ စီး ပျက်စီးခဲ့တယ်လို့ KNDF က ပြောပါတယ်။
အဲ့ဒီ ယာဉ်တန်းကို လုံခြုံရေးယူဖို့ လွိုင်ကော်မှ ထွက်လာတဲ့ စစ်ကောင်စီ လှုပ်ရှားတပ်များကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ပွဲအတွင်းမှာ အကျအဆုံးများတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူလူထုကို ဓားစာခံအဖြစ် ဖမ်းဆီးတာ ပြည်သူလူထု နေရာတွေကို ဗုံးကြဲတာတွေ ပိုမိုပြုလုပ်လာတယ် ကရင်နီ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“သူတို့က မြေပြင် စစ်ဆင်ရေးမှာ စစ်သားချင်း တိုက်တဲ့နေရာမှာ အရှုံးကြီး ရှုံးနေတယ်။ မြေပြင် တိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်ရေးအခြေအနေ မကောင်းဘူး။ အဲ့လို ဖြစ်တဲ့အခါကျတော့ မြင်မြင်ရာ ရန်သူမှတ်ပြီး ပြည်သူလူထုကို သတ်ဖြတ်တာ၊ ဖမ်းဆီးတာတွေ ပိုလုပ်လာတယ်။ လေကြောင်းကနေလည်း စစ်ရေးပစ်မှတ်နဲ့ မသက်ဆိုင်တဲ့ နေရာတွေကို ပိုပြီး ဗုံးကြဲတာတွေ လုပ်လာတယ်” လို့ သူကပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ဟာ ဘောလခဲနဲ့ ရွာသစ်ကို ထိုးစစ်ဆင်နေရာ ကရင်နီ ပူးပေါင်းတပ်များနဲ့ တိုက်ပွဲ ဖြစ်ပွားနေပြီး ရွာသစ်မြို့တွင်း ပြည်သူ ၃၀၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ KNDF က ပြောပါတယ်။
မြေပြင်မှာ အထိနာနေတဲ့ စစ်ကောင်စီဟာ ကရင်နီပြည်နယ်မှာ ဇူလိုင်လ အတွင်း လေကြာင်း တိုက်ခိုက်မှု ၄၂ ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူ ၄ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ တစ်ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ် အကြောင်းမဲ့ သတ်ဖြတ်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံးခဲ့ပါတယ်။
ဒါကြောင့် ဇူလိုင်လ အတွင်း ကရင်နီပြည်နယ်မှာ စစ်ကောင်စီက ၁၁ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ပြည်သူ ၁၂ ဦးကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၂၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် ဇူလိုင်လ အတွင်း လူနေအိမ် ၁၃ လုံး ပျက်စီးကာ၊ ဘာသာရေး အဆောက်အအုံ ၂ လုံး အပါအဝင် ဆေးပေးခန်း တစ်ခန်းနဲ့ စာသင်ကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ဟာ လက်လွတ်လိုက်ရတဲ့ မယ်စဲ့မြို့ကို ပြန်လည် သိမ်းယူဖို့ အပြင်းအထန် ကြိုးစားနေတဲ့ အတွက် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များ အပြင်းအထန် ခုခံ တိုက်ခိုက်နေတယ်လို့လည်း KNDF ကပြောပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ် ယာဒိုဘက်မှာလည်း မဟာမိတ်တပ်များနဲ့အတူ KNDFက စစ်ကောင်စီတပ်တွေကို အပြင်းအထန် ခုခံတိုက်ခိုက် နေတယ်လို့ KNDF ဆိုပါတယ်။
ဇူလိုင်လအတွင်း စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း KNDF ရဲဘော် ၂ ဦးလည်း မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ကျဆုံး ရဲဘော် ၂ ဦးနဲ့ မဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်များ အားလုံးကို KNDF မှ အာဇာနည် သူရဲကောင်းများအဖြစ် မှတ်တမ်းတင် အလေးပြုတယ်လို့ KNDF ကပြောပါတယ်။
CJ-002
#MeKongNews
#KNDF
#ကရင်နီပြည်
#လေကြောင်းတိုက်ခိုက်မှု