မဲခေါင်၊ မတ် ၁၆
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာကို ယမန်နေ့ မတ်လ ၁၅ ရက်တွင် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးအကြိမ်ကြိမ်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ PNLA သတင်းစဉ်က ဒီနေ့ မတ် ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာက ဘုန်းတော်ကြီးကျောင်းကို မတ်လ ၁၅ ရက် နေ့လည် ၁နာရီခွဲမှာ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့လို့ ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယမန်နေ့ ညနေ ၅ နာရီမှာလည်း မီးလောင်ဗုံး ၄ ကြိမ်ကြဲချခဲ့လို့ နေအိမ် ၂ လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မနေ့ကလည်း ဆီဆိုင်မြို့နယ် အနောက်ဘက်တနေရာမှာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ပါရှိပါတယ်။
ဆိုက်ခေါင် နဲ့ ဆီဆိုင်မြို့အရှေ့မြောက်ဘက်က မွေတော်ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဆီဆိုင်မြို့တွင်းကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ကာ မြို့ကို ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
MK-012