မဲခေါင်၊ ဩဂုတ် ၂
ပြည်သူလူထုရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်မှုနဲ့ နိုင်ငံတကာရဲ့ ဖိအားတွေ လျော့ကျဖို့ လှည့်စားနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အသိအမှတ်မပြုဘဲ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်တဲ့ အထိ ဆက်လက် တိုက်ပွဲ၀င်သွားမယ်လို့ ရှမ်းပြည်နယ် တောင်ပိုင်း အခြေစိုက် အင်းလေး PDF က မနေ့က ထုတ်ပြန်အသိပေးလိုက်ပါတယ်။
မနေ့က ဩဂုတ်လ ၁ ရက်၊ ၀ါဆိုလပြည့်နေ့မှာ စစ်တပ်အလိုကျ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်ကာ စတုထ္ထအကြိမ်မြောက် စစ်ကောင်စီက ၆ လ သက်တမ်းတိုးခဲ့သလို တိုင်းပြည် စီးပွားရေး အကြပ်အတည်းကြားမှ ဆင်တစ်ကောင် မွေးနေ့ အကြောင်းပြကာ ကျပ်ငွေ ၂၀,၀၀၀ ကျပ်တန် ထုတ်ဝေမှုကြောင့် ကုန်စျေးနှုန်းများ ထပ်မံ မြင့်တက်လာပြီး ငွေကြေးဖောင်းပွမှုနှုန်း ပိုမိုမြင့်တက်ခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ကို အကြောင်းပြကာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် အခြား အကျဥ်းသားတွေကို မတရား ဖမ်းဆီးထားရာကနေ ပြစ်ဒါဏ်လျှော့ပေါ့သည် ဆိုကာ အကန့်အသတ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိအချိန်ထိ စစ်ကောင်စီဟာ ပြည်သူလူထုထံက လက်နက်ပြ လုယူထားတဲ့ အာဏာကို စွန့်လွှတ်ခြင်း မရှိဘဲ တရား၀င် အစိုးရပမာပြုမူ လုပ်ဆောင်နေမှုတွေဟာ မူမမှန်တဲ့ လုပ်ရပ်တွေ ဖြစ်တာကြောင့် အသိအမှတ်ပြုစရာ မရှိဘူးလို့ အင်းလေး PDF ကပြောပါတယ်။
တော်လှန်ရေးကို ဆင်နွှဲနေတဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက် ဆန္ဒဟာ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးနဲ့ စစ်မှန်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ ဖြစ်သလို စစ်တပ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကိုလည်း အပြစ်ပေး အရေးယူနိုင်ဖို့ ဖြစ်တာကြောင့် စစ်အာဏာရှင် အမြစ်ပြတ်သွားချိန်အထိ တိုက်ပွဲ၀င်သွားမှာ ဖြစ်တယ်လို့ အင်းလေး PDF ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။
MK-007
#MekongNews
#အင်းလေး_PDF
#စစ်အာဏာရှင်
#ဖယ်ဒရယ်ဒီမိုကရေစီ