မဲခေါင်၊ မတ် ၂၂
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-အရာတော်လမ်းပိုင်းနဲ့ ကျောက္ကာ-ဗောဓိတစ်ထောင် ဖြတ်လမ်းကို ဒီကနေ့ကစပြီး ပြည်သူတွေ အသုံးမပြုဖို့ ဒေသကာကွယ်ရေးတပ် Brothers Revolution Force-Monywa က သတိပေး ထုတ်ပြန်လိုက်ပါတယ်။
ဒီလမ်းပိုင်းတွေမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူတွေ တတ်နိုင်သမျှ မသုံးဖို့နဲ့ မဖြစ်မနေ သုံးဖို့ လိုအပ်ပါက သတိထား သွားလာကြဖို့ လိုတယ်လို့ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က မုံရွာမြို့ပေါ်မှာ စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲခံရပြီး ရဲမှူးချုပ် တစ်ဦး အပါအဝင် ၄ ဦး သေတယ်လို့ သတင်းတွေ ထွက်ပေါ်ပြီးနောက် မြို့ထဲမှာ စစ်သားတွေ လိုက်လံ စစ်ဆေးနေတာ တွေ့ရတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
လက်ရှိ အဆိုပါ လမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်တွေ ရှိနေတာကြောင့် လုံခြုံရေးအရ ယာယီ အသုံးမပြုကြဖို့ ပြည်သူတွေကို Brothers Revolution Force-Monywa က ထုတ်ပြန် တောင်းဆိုထားပါတယ်။
MK-007