မဲခေါင်၊ စက်တင်ဘာ ၁၈
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်မှာ ဩဂုတ်လ ၂ ရက်နေ့ကနေ စက်တင်ဘာ ၁၇ ရက်နေ့ အထိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နေ့စဉ် တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်လို့ ချိုးဖြူတော်လှန်ရေးတပ်-JPRF က မနေ့က ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၃၀ ဦး ထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းနဲ့ စစ်ပစ္စည်း အများအပြား သိမ်းဆည်းရရှိတယ်လို့ JPRF ကဆိုပါတယ်။
“စစ်ကောင်စီကို ကျွန်တော်တို့က မြေပြင် တိုက်ခိုက်ချေမှုန်းရေး အပြင် ဝေဟင် (Drone) စစ်ဆင်ရေးတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က ထိခိုက်ကျဆုံး များပါတယ်။ ကျွန်တော်တို့ဘက်က ရဲဘော် ၃ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး တိုင်းပြည်အတွက် အသက်ပေးလှူ သွားခဲ့ရပါတယ်” လို့ JPRF တပ်ဖွဲ့မှ ကိုဂျိုကာက ပြောပါတယ်။
တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ငယ် ၁၅ လက်၊ လက်နက်ကြီး တစ်လက် အပါအဝင် ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ JPRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီတိုက်ပွဲတွေကို JPRF အနေနဲ့ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်နဲ့အတူ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့က ရှမ်းတောင်၊ ဓနုဒေသမှာ စတင် ဖွဲ့စည်းခဲ့တဲ့ ချိုးဖြူတော်လှန်ရေးတပ်-JPRF ဟာ လက်ရှိ ကရင်နီဒေသမှာ စစ်ရေး လှုပ်ရှားနေတဲ့အပြင် ဓနုဒေသမှာလည်း ပြောက်ကျားတပ်ဖွဲ့ အနေနဲ့ စစ်ကောင်စီကို တော်လှန် နေပါတယ်။
JPRF အနေနဲ့ ဉာဏ်ပညာနဲ့ နည်းပညာကို အခြေခံတဲ့ လက်နက်ကိုင်တော်ရေးမှသည် ပြည်သူလူထုအားလုံး လိုလားတောင်းတနေတဲ့ ဖက်ဒရယ်ဒီမိုကစီ ရရှိရေးအတွက် အစဉ်အမြဲ ကြိုးစားနေတယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
CJ-012
#MeKongNews
#ငွေတောင်ရွာသစ်
#တပ်ရင်းမှူး
#JPRF