မဲခေါင်၊ မတ် ၂၀
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ မတ်လ အလယ်လောက်ကစပြီး ရေရှားပါးမှုကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လျှပ်စစ်မီးမရှိတာနဲ့ စက်သုံးဆီဈေး မြင့်တက်နေတာကြောင့် ရေစုပ်မော်တာ နဲ့ ရေတင်ရတဲ့ အဝီစိတွင်းရေကိုသာ အဓိကအားပြုသုံးစွဲနေရတဲ့ ကွတ်ခိုင်မြို့ပေါ်ရပ်ကွက်တွေမှာ ရေခက်ခဲမှုတွေ ကြုံတွေ့နေရတာလို့ သိရပါတယ်။
ရပ်ကွက် ၅ တောင်ခြေတကြောလုံးနဲ့ ရပ်ကွက် ၄ က ဒေသခံပြည်သူတွေဟာ အဝီစိရေတွင်းပိုင် စေတနာရှင်အိမ်တွေရဲ့ ခြံဝန်းအတွင်းက ပိုက်ထုတ်ပြီး ရေကုသိုလ်အလှူလုပ်သူတွေကိုသာ ရေရရှိရေး မှီခို အားထားနေရတယ်လို့ သိရပါတယ်။
“ဒီလို သူတို့ရေအလှူလုပ်လို့သာ သုံးစွဲနေရတာ၊ မီးစက်မောင်းတဲ့ စက်သုံးဆီဖိုးတောင် မနည်းဘူး၊ မနက်တစ်ကြိမ် ညနေတစ်ကြိမ်ရေတင်ပေးရှာတာ၊ တော်တော် စိတ်ထားကောင်းကြတဲ့ အလှူရှင်တွေ” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
ရေခပ်လာသူများလာတာကြောင့် တခါတလေ ရေမရတဲ့ နေ့တွေတောင် ရှိလာတယ် လို့ ယင်းအမျိုးသမီးက ပြောပါတယ်။
အလားတူ ဒေသခံ အမျိုးသား တစ်ဦးကလည်း “တိုက်ပွဲကာလက လျှပ်စစ်ရေတင်ရေပေးတဲ့စက်ကို ဖောက်ခွဲဖျက်ဆီးခံခဲ့ရလို့ မြို့လူထုတွေ ရေဒုက္ခရောက်နေတာဖြစ်ပါတယ်၊ မြို့အတွက် ဒီစက်ကို ပြန်လည်ပြုပြင်ပေးရင် မြို့လူထုကို စောင့်ရှောက်ကူညီတာဖြစ်လို့ အမြန်ဆုံး ပြင်ဆင်ပေးဖို့ အကြံပြုပါတယ်” လို့ မဲခေါင်ကို ပြောပါတယ်။
ကွတ်ခိုင်မြို့တွင် ရပ်ကွက် ၈ ရပ်ကွက်ရှိရာ ယခင် ၁၀၂၇ စစ်ဆင်ရေးမတိုင်မီက စိုက်ပျိုးရေးကန်ကနေ စည်ပင်ဌာနက လျှပ်စစ်မီးအားပြုပြီး ရေပေးဝေရေးစနစ်ကိုကျင့်သုံးပေးခဲ့တာရှိခဲ့ပေမယ့်ခုတော့ တိုက်ပွဲကာလအတွင်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရလို့ ရေပေးရေးစနစ်ပျက်စီးခဲံလို့မြို့လူထု
ဒုက္ခရောက်နေတယ်လို့ သိရပါတယ်။
ရပ်ကွက် ၄ မှာ ရေကုသိုလ်ပိုက်ဖြင့် ရေလှူနေတဲ့အိမ် ၃ အိမ်ရှိပြီး ရပ်ကွက် ၅ ဘုရားတောင်ခြေက ပြည်သူတွေလည်းလာ ရောက် ရယူသုံးစွဲနေရကာ အကယ်၍ရေကုသိုလ်အလှူရှင်တွေ အခက်အခဲရှိလာပါက ၄ ဖာလုံလောက်ဝေးတဲ့ မြိ့စွန်က နမ့်ခိုင်ချောင်းမှာ သွားရောက်သယ်ယူ
သုံးစွဲရပြီး သောက်ရေအဖြစ် ၂၀ လီတာ ၁ ဗူးကို ကျပ် ၂ထောင်အထိဝယ်သုံးနေရတဲ့ ရေရှားပါးမှု အခက်အခဲ ရှိနေတယ်လို့ ကွတ်ခိုင်မြို့ဒေသခံတွေက ပြောကြပါတယ်။
MK-012