မဲခေါင်၊ ဖေဖော်ဝါရီ ၁၀
မွန်ပြည်နယ်၊ ကျိုက်မရောအကျဥ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဥ်းသား ၄၇ ဦးက ဖေဖော်ဝါရီလ ၆ ရက်နေ့ကစပြီး ဒီနေ့အထိ အစာငတ်ခံဆန္ဒပြရင်း အချက် ၃ ချက်ကို တောင်းဆိုနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် -PPNMက တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒါ့အပြင် အစာငတ်ခံ ဆန္ဒပြနေတဲ့အကျဥ်းသားတွေကို ဝန်းရံတဲ့အနေနဲ့ နိုင်ငံရေးအကျဥ်းသား ၁၆၄ ဦးကလည်း ထောင်ကကျွေးတဲ့ ထမင်းဟင်းကို စားသောက်ခြင်းမရှိဘဲ ဆန္ဒပြနေတယ်လို့သိရပါတယ်။
“ ၆ ရက်နေ့ကစပြီး ဆန္ဒပြတာပေါ့။ အခုဆို လေးရက်ထဲရောက်နေပြီပေါ့။ အဓိကကတော့ တောင်းဆိုချက်တွေမရမချင်း အသက်သေရင်သေပါစေ၊ ဆန္ဒပြမယ်လို့ သတင်းစကားရရှိထားတယ်။ လက်ရှိမှာတော့ အဆိုးဝါးဆုံးကျန်းမာရေးစိုးရိမ်ရသူ ၂ ဦးကနေ ၇ ဦးအထိရှိနေတယ်” PPNM က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဇန်နဝါရီလ ၂၈ ရက်နေ့မှာ အကျဥ်းထောင်အတွင်း လက်ကိုင်ဖုန်းတွေ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်တပ်နဲ့ရဲ ပူးပေါင်းပြီး ထောင်တွင်းအတင်းရှာဖွေတာ၊ အကျဥ်းသားတွေကို ခေါ်ယူစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့ ထောင်ပိတ်ချိန်မှာတော့ အကျဥ်းသား ၂ ဦးကို အကြောင်းပြချက်မရှိ ခေါ်ဆောင်ရိုက်နှက်ကာ တိုက်ပိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။
တောင်းဆိုနေတဲ့အချက် ၃ ချက်က အကျဥ်းသားအကျဥ်းသူတွေကို ခေါ်ယူထိန်းသိမ်းနေချိန်မှာ ၁။တရားလက်လွန်ဆောင်ရွက်ခြင်း မဖြစ်ပေါ်စေရေး၊ ၂။လူ့အခွင့်အရေးနဲ့ အညီဆောင်ရွက်ရေး
၃။ကျန်းမာရေးဆိုင်ရာ အလွယ်တကူရရှိနိုင်ရေး စတဲ့ အချက်အပေါ်မှာ တိုက်ပိတ်ထိန်းသိမ်းခံရတဲ့ အကျဥ်းသား ၂ ဦးရဲ့ ကျန်းမာရေးကို စစ်ဆေးပေးဖို့နဲ့ အကျဥ်းတိုက်မဟုတ်တဲ့ နေရာတခုကိုရွေ့ပြောင်းပေးဖို့၊ စုံစမ်းစစ်ဆေးမှုပြီးချိန်မှာ မူလအဆောင်ကို ပြန်လည်ပို့ဆောင်ပေးဖို့၊ အကျဥ်းသူ/သားတွေကို ခေါ်ယူစစ်ဆေးရာမှာ ထောင်ဖွင့်ချိန်မှာသာ ပြုလုပ်ပေးဖို့ကို ဝိုင်းဝန်းတောင်းဆိုနေကြတာဖြစ်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံက အကျဥ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဥ်းသား ၂၄၀၀၀ ကျော်ထိရှိနေပြီး ထောင်တွင်းအကြမ်းဖက်ခံရမှုတွေ၊ ဆေးဝါးမလုံလောက်မှုတွေ၊ အချိန်မှီဆေးကုသနိုင်ခြင်းမရှိတာတွေစတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို အကျဥ်းထောင်အများစုမှာ ကြုံတွေ့နေရတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။
Cj004
#MeKongNews
#ကျိုက်မရောထောင်
#နိုင်ကျဥ်း
#တောင်းဆို
#သုံးချက်