မဲခေါင်၊ ဩဂုတ် ၁၄
ပြည်သူလူထုနဲ့ စစ်ဘေးရှောင် ပြည်သူတွေ စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိစေဖို့ ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ-IEC အနေနဲ့ အရေးပေါ် လုပ်ငန်း ၅ ရပ် ချမှတ် အကောင်အထည်ဖော်နေတယ်လို့ IEC တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ကရင်နီပြည်နယ်ကို စစ်ကောင်စီက စားနပ်ရိက္ခာ ဖြတ်တောက်တာ၊ ပြည်သူတွေ နေထိုင်တဲ့ နေရာတွေ ဗုံးကြဲ တိုက်ခိုက်တာတွေကြောင့် ပြည်သူ အများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခ ခက်ခဲလာပါတယ်။
အဲ့ဒီ အခက်အခဲတွေကို ဖြေရှင်းဖို့ အရေးပေါ် လုပ်ငန်း စီမံချက် ၅ ရပ် ချမှတ်ပြီး အချိန်နဲ့ တပြေးညီ ဆောင်ရွက်နေတယ်လို့ IEC က ပြည်သူသို့ အစီရင်ခံ တင်ပြခြင်း အစီအစဉ်မှာ ဖော်ပြထားပါတယ်။
IEC အနေနဲ့ ပြည်တွင်း ပြည်ပရှိ ကရင်နီ မိသားစုများ အပါအဝင် မြန်မာနိုင်ငံသားများနဲ့ ပုံမှန်ချိတ်ဆက်ပြီး ရံပုံငွေ စဉ်ဆက်မပြတ် ရှာဖွေခြင်း၊ ပြည်တွင်း ပြည်ပရှိ အရပ်ဘက် အဖွဲ့အစည်းများနဲ့ ချိတ်ဆက်ပြီး လူသားချင်း စာနာ ထောက်ထားမှု အစီအမံများ အကောင်အထည်ဖော်ခြင်း၊ NUG နဲ့ ချိတ်ဆက်ပြီး လူသားချင်း စာနာ ထောက်ထားရေး အစီအမံများ ချိတ်ဆက် ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အလှူရှင်များနဲ့ ချိတ်ဆက်ပြီး စစ်ဘေးရှောင် ပြည်သူလူထုအတွက် ရံပုံငွေ ရှာဖွေခြင်း၊ စားနပ်ရိက္ခ ဖြန့်ဖြူးနိုင်ရေးအတွက် ပုံမှန်ချိတ်ဆက် ဆောင်ရွက်ခြင်းနဲ့ နိုင်ငံတကာ သံတမန်များ၊ နိုင်ငံတကာ သံရုံးများ၊ ပညာရှင်များနဲ့ တွေ့ဆုံပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးအတွက် အခြေအနေမှန်များ ချပြပြီး အကူအညီ ရရှိရေး တိုက်တွန်းခြင်း စတာတွေ ဆောင်ရွက်နေတယ်လို့ IEC က ပြောပါတယ်။
“အခုအချိန်မှာ ကုန်စျေးနှုန်းတွေ အဆမတန် ကြီးမြင့်မားမှုနဲ့ နိုင်ငံတကာ ထောက်ပံ့ကူညီမှု လျော့နည်း လာတာကြောင့် စစ်ဘေးရှောင်တွေ ဆင်းရဲဒုက္ခ ပိုမိုရောက်နေကြရပါတယ်။ စစ်ကောင်စီကနေ စားနပ်ရိက္ခာ သယ်ယူမှုကို ပိတ်ဆို့ ကန့်သတ်တာတွေနဲ့ စစ်ဆေး ဖမ်းဆီးတာတွေကလည်း စားနပ်ရိက္ခာ စျေးနှုန်းတွေ မြင့်မားနေရတဲ့ အကြောင်းရင်း တစ်ရပ်ဖြစ်တယ်” ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
တစ်ချိန်ထဲမှာ လူထုရဲ့ လူမှုစီးပွားရေး လုပ်ငန်းတွေ ပျက်စီးဆုံးရှုံးမှု၊ နေအိမ် စည်းစိမ်တွေ ပျက်စီးဆုံးရှုံးမှုနဲ့ ဖျက်ဆီးခံရမှု စတဲ့အကျိုးဆက်တွေကြောင့် စားဝတ်နေရေး ကြပ်တည်းမှုဒဏ်ကို အမြဲ ခံစားနေရတယ်လို့ IEC ရဲ့ အသိပေးချက်မှာ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၃ နှစ် ကာလအတွင်းမှာ ကရင်နီပြည်နယ်မှာ ပြည်သူ ၂၇၀,၀၀၀ ဝန်းကျင်ဟာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရပြီး လက်ရှိ နယ်စပ် ကျော်ဖြတ်ကာ ထိုင်းနိုင်ငံထဲမှာ လူဦးရေ ၉,၀၀၀ နီးပါး ခိုလှုံနေရပါတယ်။
CJ-002
#MeKongNews
#ကရင်နီပြည်နယ်
#IEC
#စားနပ်ရိက္ခာ