မဲခေါင်၊ နိုဝင်ဘာ ၁၈
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်မှာ ပြင်းထန်နေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်တဲ့ ပြည်သူတွေ နေစရာ အခက်အခဲ ကြုံတွေ့နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင် ပြည်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။
နိုဝင်ဘာ ၁၁ ရက်ကစပြီး လွိုင်ကော်မြို့တွင်း တိုက်ပွဲတွေကြောင့် မြို့ခံ အများစုဟာ အင်းလေးဒေသဘက် စစ်ဘေးရှောင် ခဲ့ပေမဲ့ စစ်ကောင်စီက ပိတ်ဆို့နေတာကြောင့် နေစရာ အခက်အခဲတွေ ရှိတယ်လို့ ဆိုပါတယ်။
“ညကဆို လမ်းမှာပဲ အိပ်ရတယ်။ စားစရာလည်း မလောက်ဘူး။ အင်းဘက်က အသိတွေဆီ ပြေးတာ။ သူတို့လည်း ခိုးဝှက်၊ ညှိနှိုင်းပြီး လက်ခံထားရတယ်။ စစ်တပ်နဲ့ PNO ဘက်က စစ်ရှောင်တွေ လက်မခံနဲ့လို့ လာပြောတယ် ပြောတယ်။ တစ်ချို့ ရွာတွေကတော့ ရပါတယ်။ အများစုကတော့ ဘုန်းကြီးကျောင်းတွေမှာပဲ နေတယ်” လို့ သူကရှင်းပြပါတယ်။
လွိုင်ကော်မြို့ပေါ်မှာ မြို့ခံတွေအပြင် ဒီးမော့ဆို၊ ဖရူဆိုဘက်က စစ်ရှောင်တွေပါ လာရောက် နေထိုင်နေကြတာ ဖြစ်လို့ လက်ရှိ တိုက်ပွဲတွေကြောင့် အလုံးအရင်းနဲ့ မြို့ကို စွန့်ခွာနေပေမဲ့ သွားစရာနေရာ မရှိဘူးလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ လွိုင်ကော်မြို့ပေါ်မှာ လူဦးရေ ၅,၀၀၀၀ ကျော်ရှိပြီး လက်ရှိ စစ်ဘေးရှောင် ပြည်သူ ၄,၀၀၀၀ ကျော် ရှိလာပြီလို့ ကရင်နီ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့-KHAI ကထုတ်ပြန်ထားတာကြောင့် မြို့ခံ ၈၀ ရာခိုင်နှုန်းကျော်ဟာ စစ်ဘေး တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
လက်ရှိ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ရာနဲ့ချီတဲ့ ပြည်သူတွေ ပိတ်မိနေဆဲဖြစ်ပြီး တော်လှန်ရေး အင်အားစုတွေနဲ့ လူမှုကူညီရေးအသင်းတွေ ဝိုင်းဝန်း ကယ်ထုတ် ပေးနေတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၁ ရက်မှာ စတင်ခဲ့တဲ့ ကရင်နီ ၁၁၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော် တက္ကသိုလ်နဲ့ တရားရုံးကို တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို အလုံးစုံ ထိန်းချုပ်ဖို့ ဆက်လက် ကြိုးစားနေတယ်လို့ ကရင်နီ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF စစ်ရေးချုပ်ဖြစ်သူ ခူရီးဒူကလည်း နောက်ထပ် တိုက်ပွဲတွေ ဖြစ်ပွားလာမှာ ဖြစ်လို့ ပြည်သူတွေ အနေနဲ့ မြို့ပေါ်က အမြန်ဆုံး ရွှေ့ပြောင်းပေးဖို့ မနေ့က မေတ္တာရပ်ခံ ပြောဆိုထားပါတယ်။
MK-007
#MekongNews
#လွိုင်ကော်
#စစ်ဘေးရှောင်
#KNDF