မဲခေါင်၊ ဒီဇင်ဘာ ၂၂
ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းများမှ ဗိုလ်ကြီး ၁ ဦးနဲ့ နယ်ခြားစောင့်တပ်မှ ၂ ဦးအပါ စုစုပေါင်း ၅ ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ထံ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ လက်နက်ချအလင်းဝင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ ခမရ-၁၀၂ မှ ဗိုလ်ကြီး ၁ ဦး၊ ဆေးတပ်သား ၁ ဦးနဲ့ စစ်ကောင်စီတပ်သား ၁ ဦးတို့ဟာ သေနတ် ၁ လက်စီ၊ ကျည်ဘောက်နဲ့ ကျည်ဆန်တွေပါ ယူဆောင်လာပြီး ဒီဇင်ဘာ ၁၇ ရက်နေ့မှာ KNLA တပ်မဟာ (၆) ထံ လက်နက်ချအလင်းဝင်ခဲ့ပါတယ်။
ဒီဇင်ဘာ ၁၇ ရက်နေ့မှာပဲ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်ရင်း (၁၀၂၂)မှ တပ်သား ၂ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ KNLA ထံ လက်နက်ချအလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။
လက်နက်တွေယူဆောင်လာပြီး အလင်းဝင်တဲ့သူတွေကို KNLA က ကြေညာထားတဲ့အတိုင်း ဆုကြေးငွေတွေ ချီးမြှင့်ထောက်ပံ့ခဲ့ပါတယ်။
စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ မည်သည့်တပ်သားတိုင်းမဆို လက်နက်ချအလင်းဝင်ဖို့ KNLA က ဖိတ်ခေါ်ထားပြီး အလင်းဝင်လာပါက ဘဝရပ်တည်ရေးအတွက် ထောက်ပံ့ပေးသွားမယ်လို့ အသိပေးထားပါတယ်။
အလင်းဝင်တဲ့အချိန် လက်နက်ခဲယမ်းတွေပါ ယူဆောင်လာလျှင် ကာလပေါက်ဈေးအတိုင်း ထိုက်သင့်တဲ့ ချီးမြှင့်ငွေများလည်း ပေးအပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီ ခလရ-၂၈၃ မှ တပ်ကြပ် ၁ ဦး KNLA ထံ လက်နက်ချအလင်းဝင်ခဲ့လို့ ကျပ်သိန်း ၁၅၀ ချီးမြှင့်ခဲ့ပါသေးတယ်။
#MeKongNews
#KNLA
#KNU
#လက်နက်ချ
#အလင်းဝင်
#ချီးမြှင့်
#စစ်ကောင်စီ