မဲခေါင်၊ ဧပြီ ၅
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ မနက်ဖြန် ဧပြီ ၆ ရက်မှာ ကျင်းပမယ့် နဂါးနှစ်ကောင် ဆရာတော် ရဲ့ စျာပနကို စစ်ခေါင်းဆောင်တက်ရောက်မှာြဖစ်လို့ လုံခြုံရေးတင်းကျပ်ကာ မသင်္ကာသူ မှန်သမျှကို ပစ်မိန့်ပေးထားတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
နေပြည်တော်ကို ဒရုန်းဗုံးတွေနဲ့တိုက်ခံရလို့ အမြန်ပြန်သွားတဲ့ စစ်ခေါင်းဆောင်ဟာ ဒီနေ့မှာ တာချီလိတ်ကို ပြန်ရောက်လာတယ်ဆိုပေမယ့် အတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။
စစ်ခေါင်းဆောင်က သူ့လုံခြုံရေးအတွက် စိုးရိမ်နေလို့ ဒီအမိန့်မျိုးထုတ်တာလို့ ယူဆရပြီး အရင်က ဒီလိုအမိန့်မျိုး ထုတ်တာမရှိဘူးလို့ ဒေသသတင်းအရင်းအမြစ်က ပြောပါတယ်။
တာချီလိတ်မြို့ပေါ် ၁၁ ရပ်ကွက်က မသင်္ကာတဲ့အိမ်အားလုံးကို ဝင်ရောက်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
ဆရာတော်ရုပ်ကလပ်ကို စံကျောင်းကနေ စက်မှုဇုံ-မိုင်းဖုန်းသွားလမ်းတစ်လျှောက် ပင့်ဆောင်မှာဖြစ်လို့ ဗိုလ်ချပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက် လမ်းဘေး ဘယ်ညာ လမ်းဘေးဆိုင်တွေ ရှင်းလင်းထားပြီး လမ်းကပ်ရက် အိမ်ဆိုင်တွေမှာ လုံခြုံရေး အပြည့်ချထားနေတယ်လို့သိရပါတယ်။
ဆရာတော်ရဲ့ စျာပနပူဇာသဘင်ကို ဟောင်လိတ် စက်မှုဇုံအနီး တာချီလိတ်-မိုင်းဖုန်းသွားလမ်းနဲ့ မြို့ပတ်လမ်းထောင့်အနီး မှာ ပြုလုပ်မှာဖြစ်ပြီး ယနေ့ ဧပြီလ ၅ ရက်ည ၇ နာရီမှာ မိုင်းဖုန်းဆရာတော် တရားဟောကြားမှာဖြစ်တယ်လို့ သိရပါတယ်။
မြို့သူမြို့သားနဲ့ ဆရာတော်ကို ယုံကြည်ကိုးကွယ်နေကြတဲ့ လူထုကတော့ တရားပွဲနဲ့ စျာပနပွဲတွေ တက်ရောက်ကြမှာြဖစ်ပြီး ဆရာတော်ကြီးရဲ့ တရားရိပ်နဲ့ ဘေးအန္တရာယ်ကင်းဝေးမှာ ယုံကြည်တယ်လို့ မြို့ခံတွေက ယုံကြည်နေကြပါတယ်။
ဆရာတော်ရဲ့ အန္တိမအဂ္ဂိစျာပနကို ထိုင်းနိုင်ငံသုံးဘတ်ငွေ သန်းပေါင်းများစွာ အကုန်အကျခံ လှူဒါန်းနေကြပြီး ထိုင်း၊ လာအိုနိုင်ငံတွေကလည်း စျာပန အခမ်းအနား လာရောက်ကြမယ်လို့ သိရပါတယ်။
MK_012