မဲခေါင်၊ ဒီဇင်ဘာ ၂
မွန်ပြည်နယ်အတွင်းမှာ အခြေစိုက်ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြတဲ့ တော်လှန်ရေးမဟာမိတ်အင်အားစု ၇ ဖွဲ့ဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းတဲ့အထိ တိုက်ပွဲဝင်ဖို့အပါအဝင် အချက် ၄ ချက်ကို တိုင်တည်ပြီး သစ္စာရေသောက် အဓိဌာန်ပြုခဲ့ကြပါတယ်။
ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့ ဒေါန တပ်ခွဲ (၃) (YGF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ABSDF တပ်ရင်း(၁)၊ YDF၊ YAF၊ MSRO စတဲ့ မဟာမိတ် ၇ ဖွဲ့ဟာ နိုဝင်ဘာ ၃၀ ရက်နေ့မှာ သစ္စာရေသောက် အဓိဌာန်ပြုအခမ်းအနား ပြုလုပ်ခဲ့ကြတာပါ။
တပ်ပေါင်းစုတွေဟာ ပြည်သူအပေါ်သစ္စာစောင့်သိခြင်း၊ အမိန့်နဲ့တာဝန်ကို တသွေမတိမ်း ကျေပွန်ဆောင်ရွက်ခြင်း၊ စစ်အာဏာရှင်၊ စစ်အုပ်စု၊ စစ်ယန္တရား၊ စစ်တပ်ထောက်တိုင် ချုပ်ငြိမ်းစေပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး၊ အဖွဲ့အစည်းနဲ့ တပ်ဖွဲ့အပေါ် သစ္စာမဖောက်ဖျက်ရေး စတဲ့အချက်တွေကို ရွတ်ဆိုပြီး သစ္စာရေသောက်ခဲ့တာလို့ ဒေါနစစ်ကြောင်းက ဒီနေ့ ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။
ကရင်ပြည်နယ်အတွင်းမှာ အခြေစိုက်ဖွဲ့စည်းခဲ့တဲ့ ဒေါနစစ်ကြောင်းဟာ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ရွေ့ပြောင်းတာဝန်ထမ်းဆောင်တာ ၇ လကြာမြင့်နေပြီလို့ သိရပါတယ်။
ဒေါနစစ်ကြောင်းရဲ့ တပ်ခွဲတွေဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ကို ဒေသတွင်းမဟာမိတ်တပ်များနဲ့ ပူးပေါင်းတိုက်ခိုက်နေပါတယ်။
#MeKongNews
#ဒေါနစစ်ကြောင်း
#သစ္စာရေသောက်
#အဓိဌာန်ပြု
#မွန်ပြည်နယ်