မဲခေါင်၊ ဇွန် ၂၆
တောင်ကြီးမြို့၊ မြို့မစျေးနဲ့ အနီးတဝိုက်က ရွှေဆိုင်တွေဟာ ရွှေရောင်းချလိုသူတွေကို စစ်ကောင်စီဖြတ်တဲ့စျေးနှုန်းနဲ့ ဝယ်ယူနေပြီး ပြန်လည်ရောင်းချရာမှာတော့ ဒေါ်လာအတက်စျေးနဲ့ ရောင်းချနေတယ်လို့ ပန်းတိမ်လုပ်ငန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မေလ နောက်ဆုံးပတ်အတွင်း ရွှေနဲ့ ဒေါ်လာစျေးတွေ စံချိန်တင်မြင့်တက်လာတာကြောင့် စစ်ကောင်စီက ရွှေစျေးကို သူတို့သတ်မှတ်စျေးနဲ့ ရောင်းချ/ဝယ်ယူရမယ်လို့ ထိန်းချုပ်ထားပေမယ့် ရွှေဆိုင်တွေဘက်ကတော့ ၄၅ သိန်းကျပ်နဲ့ ဝယ်ယူနေပြီး ၅၃ သိန်းကျပ်နဲ့ ပြန်လည်ရောင်းချနေတာပါ။
“ပုံမှန်ဆိုရင် အလျော့စျေးက ၅ သောင်း၊ ၁ သိန်းလောက်ပဲ ကွာတာလေနော်။ အခုက အရောင်းတစ်မျိုး အဝယ်တစ်မျိုးဆိုတော့ ၈ သိန်းလောက် နာသွားတာပေါ့။ မတွက်တတ်တဲ့သူတွေ ခံရမှာစိုးလို့ စေတနာနဲ့ပြောပေးတာ” လို့ ရွှေရောင်းချခဲ့သူတစ်ဦးက ပြောပါတယ်။
အခုလို ရောင်းစျေးနဲ့ ဝယ်စျေး မတန်တဆကွာဟပြီး ရောင်းချနေတဲ့ရွှေဆိုင်တွေဟာ တောင်ကြီးမြို့မှာ ၁၀ ဆိုင်ထက်မနည်းရှိပြီး ရွှေစျေးစံချိန်တင်တက်လာတုန်းကလည်း အရောင်းရပ်ဆိုင်းကာ အဝယ်သီးသန့်ပဲ လက်ခံခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က ရွှေဆိုင်တွေကို သတ်မှတ်စျေးနှုန်းနဲ့ ရောင်းချနေတာမျိုးရှိမရှိ လှည့်လှည် စစ်ဆေးနေပေမယ့် ရွှေဆိုင်တွေက အဝယ်စျေးနှုန်းကိုသာ လိုက်နာပြီး အရောင်းကို ဒေါ်လာစျေးအပေါ် မူတည်ပြီး ရောင်းချနေတယ်လို့ သိရပါတယ်။
“စာရေးမတွေကတော့ မျက်နှာခပ်မာမာပဲ။ အစက ပိုင်ရှင်မသိဘဲ စာရေးမတွေ လုပ်တယ်ထင်နေတာ။ ဆိုင်ရှင်သွားမေးလိုက်တော့မှ သူကပါ အဲ့ဒီစျေးအတိုင်း ပြောလာတယ်” လို့ အခုရက်ပိုင်းအတွင်း ရွှေဆိုင်သွားရောက်ခဲ့သူတစ်ဦးက ပြောပါတယ်။
တောင်ကြီးမြို့မှာ စစ်ကောင်စီတပ်က ဆန်ဆိုင်တွေရဲ့ ဂိုဒေါင်တွေကိုလည်း သူတို့သတ်မှတ်နှုန်းထက် ဆန်အိတ်အရေအတွက် ပိုရောင်းချနေတာမျိုး ရှိ/မရှိ စစ်ဆေးနေတာကြောင့် ဆန်ဆိုင်အများစုက ဆန်အိတ်တွေကို နေရာရွှေ့ထားရတယ်လို့ စုံစမ်းသိရပါတယ်။
MK-015








