မဲခေါင် ဇွန် ၂၅
ရှမ်းပြည်တောင်ပိုင်းက ထွက်ရှိတဲ့ ဂျင်း(ချင်း)တွေဟာ လတ်တလောမှာ တစ်ပိသာ ၈၀၀၀ ကျပ်အထိ ဈေးကောင်းရနေပြီး ဒေသတွင်း စိုက်ပျိုးသူများလာတာကြောင့် လာမယ့်နှစ်မှာ ဈေးထိုးကျမှာကို စိတ်ပူတယ်လို့ တောင်သူတွေက ပြောပါတယ်။
အရင်နှစ်တွေက တောင်သူတွေအနေနဲ့ အရှုံးပေါ်ခဲ့တာကြောင့် ဒီနှစ်အတွင်း စိုက်ပျိုးသူနည်းလာပြီး တရုတ်၊ ဘင်္ဂလားဒေရှ့်၊ အိန္ဒိယ တို့ဘက်က ဝယ်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားတဲ့အတွက် ဈေးကောင်းရသွားတာလို့ ဆိုပါတယ်။
“ရောင်းလိုအားနည်းရင် ဝယ်လိုအားက မြင့်မှာပဲ။ ရောင်းလိုအားက ကျော်လွန်သွားရင်တော့ ဈေးကျမှာပဲ။ ဒီနှစ် စိုက်တဲ့သူနည်းတော့ ဈေးကောင်းရတယ်။ အဲဒီမှာ လူတွေက ပြုံပြီးထပ်စိုက်တော့ လာမယ့်နှစ် ဈေးကျနိုင်တယ်။ ဒီလို ဥပမာတွေ တရုတ်က အများကြီး ပေးခဲ့ပြီးပြီ” လို့ တောင်ကြီးပွဲရုံလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
ဂျင်းစိုက်ပျိုးသူ များနေတာကြောင့် စိုက်ပျိုးရေး ပစ္စည်းဆိုင်တွေက မြေဩဇာ၊ ပိုးသတ်ဆေးတွေ ဈေးတင်ရောင်းချနေတဲ့အပြင် နေ့စားလုပ်သားခလည်း ဈေးတက်နေပြီး တောင်သူတွေအတွက် အရင်နှစ်တွေထက် စိုက်ပျိုးကုန်ကျစရိတ် ပိုများနေတယ်လို့ သိရပါတယ်။
“ဒီနှစ်က အရင်နှစ်တွေထက် ကုန်ကျစရိတ် ပိုများတော့ စိတ်ပူတယ်။ ဈေးကောင်းရရင်တော့ ကောင်းတာပေါ့။ စိုက်တဲ့သူများ အထွက်များလို့ ဈေးနှိမ်ရင်တော့ ရှုံးပြီလေ။ ကံကောင်းဖို့ပဲ မျော်လင့်ရမှာပဲ” လို့ နောင်တရားဒေသခံ တောင်သူတစ်ဦးက ပြောပါတယ်။
လတ်တလော ဂျင်းတစ်ပိဿာ ပေါက်ဈေးတွေ အနေနဲ့ အခက်ကြီးအသန့် ၈၀၀၀ ကျပ်၊ မြေနီ ၇၅၀၀ ကျပ်၊ အလတ်စ ၇၀၀၀ ကျပ်၊ အပယ်စအသန့် ၃၀၀၀ ကျပ်အသန့် အသီးသီးပေါက်ဈေး ရှိနေပြီး တောင်သူတွေက သွင်းတဲ့ဈေးနဲ့ ပွဲရုံက ပြန်ရောင်းချတဲ့ဈေး ၃ ပုံတစ်ပုံခန့် ကွာဟမှု ရှိတယ်လို့ အောင်ပန်း ပွဲရုံလုပ်ငန်းရှင်တွေက ပြောပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုန်း၊ ပင်လောင်း၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်တို့မှာ ဂျင်းအများဆုံး စိုက်ပျိုးကြပြီး မေလ ၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ဘင်္ဂလားဒေရှ့်နိုင်ငံကို တန်ချိန် ၈၀ ကျော် တင်ပို့ထားနိုင်ခဲ့ပြီလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
MK014








