မဲခေါင်၊ မေ ၁၈
တရုတ်နယ်စပ်ကဝင်တဲ့ အချိုလက်ဖက်ခြောက်အတုနဲ့ အရည်အသွေးမမီတဲ့ လက်ဖက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးလာတဲ့အထိ ထိခိုက်နေတယ်လို့ နမ့်ဆန်အခြေစိုက် ပလောက်လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချရေးအသင်းက သိရပါတယ်။
တရုတ်နိုင်ငံမှ ဝင်ရောက်လာနေတဲ့ အချိုလက်ဖက်ခြောက်တွေဟာ ပြည်တွင်းမှာထုတ်ကုန်ထက် ဈေးသက်သာတဲ့အတွက် ထုတ်လုပ်ရောင်းချနေတဲ့သူတွေအနေနဲ့ အခက်အခဲတွေဖြစ်နေရတာပါ။
“ပြည်တွင်းထုတ်စက်တွေနဲ့ ထုတ်တဲ့ Authodox စျေးကွက်ကတော့ ၁၀၀% နလံမထူတော့ဘူး၊ အန္ဒိယကဝင်တဲ့ CDC စက်စျေးကွက်ကိုလဲ စျေးမယှဉ်နိုင်ဘူး၊ မှောင်ခိုစျေးကွက်ကို အဝင်ထဲက ပိတ်နိုင်မှရမယ်”လို့ ယင်းအသင်းရဲ့ ရုံးတာဝန်ခံ ဒါရိုက်တာ ဦးကျော်သန်းက မဲခေါင်ကို ပြောပါတယ်။
လက်ဖက်ခြောက် အတုတွေဟာ ပြည်တွင်းထက် တစ်ဝက်လောက်သက်သာတာအပြင် အလွယ်တကူပေါများစွာ ဝယ်ယူရနိုင်တာဖြစ်လို့စျေးပြိုင်မရောင်းနိုင်တဲ့ အချိုခြောက်လုပ်ငန်းရှင်တွေ လုပ်ငန်းတွေရပ်စဲရတော့မယ်အခြေအနေ ရောက်နေတယ်လို့ သိရပါတယ်။
လက်ဖက်အတုတွေမှာ လက်ဖက်ရိုင်း(ခေါ်)တောလက်ဖက်ရွက်တွေကို လက်ဖက်အစစ်တွေနဲ့ရောနှောထုတ်လုပ်သလို အရောင်လှအောင် ဆိုးဆေးတွေနဲ့ပြုပြင်ထားတာဖြစ်လို့ လက်ဖက်အတုမှန်းသိပေမယ့် လက်ဖက်ရည်ကြိုက်တဲ့ စျေးကွက်မှာ စျေးပေါတာ၊ အမြင်လှတာကြောင့် ဆိုင်တိုင်းလိုလို သုံးနေကြတာဖြစ်တယ်လို့ သိရပါတယ်။
အချိုခြောက်ကို ပြည်တွင်းမှာသုံးခဲ့တဲ့ Authodox စက်တွေက ခေတ်မမီသလို Rollerနဲ့ကြိတ်ပြီး အနွမ်းခံစင်ကနေ ပုံဖော်စက်နဲ့ ဖြတ်တောက်ပြီး အခြောက်ခံစက် နဲ့ ထုတ်လုပ်တာမှာ ခေတ်မမီသလို စျေးနှုန်းမယှဉ်နှိုင်လို့ လုပ်ငန်းရှင်တွေဟာ မလုပ်ကြတော့ဘူးလို့ဆိုပါတယ်။ ယခင်က နမ့်ဆန်ဒေသမှာ တစ်ရွာကို စက် ၂ လုံးလောက်ရှိခဲ့ပြီး လက်ရှိမှာ လုံးဝစျေးကွက်ပျက်သွားပြီလို့ ပြောပါတယ်။
အခု အိန္ဒိယက သွင်းလာတဲ့ CDC စက်တွေက ခေတ်မီသလို ရေခြောက်ဖို့ အနွမ်းခံစင်ပေါ်ကို လိုအပ်တဲ့ အရွယ်အစားဖြတ်တာ၊ အခြောက်ခံစက်ဒရိုင်ရာနဲ့ စကာချတာကအစ ကုန်ချောအထိ ထုတ်နိုင်စွမ်းရှိတယ်လို့ သိရပေမယ့် အခု တရုတ်ကဝင်တဲ့ လက်ဖက်အတုအချိုခြောက် စျေးနှုန်းနဲ့ ဆေးမဆိုးလို့ အရောင်မလှတာ မယှဉ်နိုင်ဘူးလို့ ပြောပါတယ်။
“စျေးကွက်လဲပျက်၊ စားသုံးသူတွေလဲ ကျန်းမာရေးထိခိုက်မှာဖြစ်တဲ့ အတုတွေကို မှောင်ခိုဝင်ပေါက်ကစပြီး တားနိုင်ဖို့၊မသုံးစွဲကြဖို့ အားလုံး ထိန်းသိမ်းဖို့အရေးကြီး လိုအပ်နေတာပါ”လို့ ပင်လောင်းက လက်ဖက်တောင်သူ ခွန်သန်းအောင်က အကြံပြုပါတယ်။
မြန်မာနိုင်ငံအနှံ့မှာ လက်ဖက်ရည်အချိုဟာ အင်မတန်ကြီးမားတဲ့ စားသုံးသူရှိတဲ့ စျေးကွက်ကြီးဖြစ်နေပြီး အဲဒီစျေးကွက်ကြီးကို အရည်အသွေးမမီတာတွေ၊ အတုတွေနဲ့ အဆိပ်ခတ်နေတာကို အမျိုးသားရေးတစ်ရပ်အမြင်နဲ့ လုပ်ဆောင်သွားနိုင်ဖို့တိုက်တွန်းလိုတယ်လို့ ပြောပါတယ်။
လက်ဖက်အချိုခြောက်ကို ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်(ကွမ်ဟယ်)ကအစ တောင်ပိုင်း ပင်လောင်းအထိ လက်ဖက်ကောင်းတဲ့နေရာမှာ ပြည်တွင်းလုပ်ငန်းရှင်တွေက ထုတ်လုပ်ရောင်းချနေပေမယ့် တရုတ်အချိုခြောက်ကတော့ အရည်အသွေးမမီတာ ၊ အတုရောနှော ထား တာတွေနဲ့ စျေးကွက်ကို လွှမ်းမိုးထားနေတယ်လို့ သိရပါတယ်။
MK-012








