မဲခေါင်၊ မေ ၁၆
မြန်မာနိုင်ငံတွင်း ရွှေဈေးကွက်မှာ အခေါက်ရွှေ ငွေကျပ် သိန်း ၅၀ ကျော် (၅,၀၂၅,၀၀၀)အထိ မြင့်တက်လာပြီး တစ်ဒေါ်လာ ၄ ထောင်ကျော်(၄,၀၂၀) ပြင်ပပေါက်ဈေး ဖြစ်နေပြီလို့ ရွှေဆိုင်တွေနဲ့ ဒေါ်လာ ဝယ်ရောင်း လုပ်နေသူတွေဆီက သိရပါတယ်။
မေလအစပိုင်းက ရွှေတစ်ကျပ်သား ၄၇ သိန်းကျော်သာ ရှိခဲ့ပေမယ့် ဒီမနက်ပိုင်း (မေ ၁၆)ကစပြီး နိုင်ငံခြား ငွေလဲနှုန်း မြင့်တက်လာတဲ့အတွက် ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ဆိုပါတယ်။
ဒီနေ့ ရွှေရောင်းခဲ့သူ တစ်ဦးက “နိုင်ငံရေးကြောင့်တွေ ဒေါ်လာဈေးတွေကြောင့်လည်း ပါတာပေါ့။ ရွှေလျှော်ဖို့တွေ ရွှေသန့်စင်တဲ့ ဖိုတွေရှိတဲ့ ရွှေဆိုင်ကြီးတွေက ဈေးကို လိုသလို ပုံသွင်းနေတာလို့ ထင်တယ်။ ရွှေတွေ အားလုံးက ပြည်တွင်းမှာပဲ လည်ပတ်နေတဲ့အတွက် ဈေးကွက်က ဆိုင်ကြီးတွေ လုပ်နေတယ်ဆိုတာ မြင်သာပါတယ်” လို့ သုံးသပ်ပါတယ်။
နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ဈေးကွက်မတည်ငြိမ်မှုတွေကြောင့် ရွှေဈေး အချိန်နဲ့ တပြေးညီ ပြောင်းလဲနိုင်ပြီး ရွှေဆိုင်အများစုက ပိတ်ထားကြတယ်လို့ ရွှေရောင်းသူတွေဆီက သိရပါတယ်။
ဒါ့အပြင် မြန်မာငွေကျပ် တစ်သိန်းကို ထိုင်းငွေဘတ်ဈေး ၉၁၅ ဘတ်အထိ တက်လာပြီး တချို့ ငွေလဲတဲ့ ပွဲစားတွေမှာ ဘတ် ၈၀၀ ဝန်းကျင်သာ ပေးတော့တယ်လို့ ဆိုပါတယ်။
ဒီနေ့ မြင့်တက်သွားတဲ့ ဒေါ်လာဈေး၊ ရွှေဈေး ပေါက်ဈေးအရ မြန်မာ့သမိုင်းတစ်လျှောက် အမြင့်ဆုံး ဖြစ်ပြီး နောက်ဆက်တွဲ ဂယက်အနေနဲ့ ကုန်ဈေးနှုန်း ထပ်တက်လာမှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။
MK-014








