မဲခေါင်၊ နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးရွာ ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေတိုက်ခိုက်လို့ လက်နက်ခဲယမ်းတွေနဲ့ စခန်းမှူးအပါအဝင် ၁၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဒီနေ့ နိုဝင်ဘာ ၂၅ ရက် မှာထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့မှာ ရွှေပန်းကုံးရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်က ၁ ဦး ကျဆုံးခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ကြေညာပါတယ်။
တိုက်ပွဲအပြီးမှာ စခန်းထဲက လက်နက်ငယ် ၃၁ လက်၊ ကျည်မျိုးစုံ ၆၄၀၀ ကျော်၊ လက်ပစ်ဗုံး ၃၂ လုံး၊ မိုင်း ၆ လုံး၊ ကျည်အိမ် ၃၈ ခု၊ ငွေကျပ် ၉၀၀,၀၀၀ ကျော်နဲ့ ပစ္စည်းတချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်းမှာ ရဲစခန်းကို တံတားဦးကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ် ၁ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဝက်လက်ခရိုင်အနောက်ဘက်ခြမ်းကိုလည်း နမခ ကနေတက်လာတဲ့ Mi 35 ၁ စီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ရွှေပန်းကုံးရွာရဲစခန်းကို ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာနဲ့၊ ၂၀၂၂ အောက်တိုဘာလ တွေမှာလည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သေဆုံးခဲ့ဖူးပြီး အခုတကြိမ်မှာတော့ ကျေးရွာရဲစခန်းကိုပါ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
MK – 009
#MeKongNews
#ရွှေပန်းကုံး
#ဝက်လက်
#ရဲစခန်း
#ဖမ်းမိ