မဲခေါင်၊ ဧပြီ ၂၂ ရက်
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့ သရက်ကုန်းကျေးရွာအနီးမှာ မနေ့ဧပြီ ၂၁ ရက်နေ့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်-မန္တလေး ( MDY-PDF) တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်လို့ ကျေးရွာဘုန်းကြီးကျောင်း ထိခိုက်ပျက်ဆီးခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က သရက်ကုန်းကို ပြန်ရဖို့ စစ်ကြောင်းထိုးလာတယ်လို့ MDY-PDF ပြောရေးဆိုခွင့်ရှိသူ အော်စမွန် ကမဲခေါင်သတင်းဌာနကို ပြောပါတယ်။
“ စစ်ကြောင်းထိုတာ မနိုင်လို့ စကစက လေကြောင်းနဲ့တိုက်ခဲ့တာ စကစဘက်က အထိများလို့ ပြန်ဆုတ်သွားပြီး အလောင်းတစ်ချို့တောင် အခုထိလာမကောက်သေးဘူး၊ ကျွန်တော်တို့ဘက်က ၄ ဦးထိတယ် စိုးရိမ်စရာတော့မရှိဘူး “ လို့ ပြောပါတယ်။
သရက်ကုန်းကို ဧပြီလ ၁၅ ရက်နေ့မှာ MDY-PDF တပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်ထိ အပြည်အဝထိန်ချုပ်ထားတယ်လို့ သူကဆက်ပြောခဲ့ပါတယ်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သရက်ကုန်ကျေးရွာဘုန်းကြီးကျောင်း ၃ ကြိမ်၊ ဇာလီကျေးရွာ ဘုန်းကြီးကျောင်း ၂ ကြိမ်၊ ပါဟပ်ကျေးရွာ ဘုန်းကြီးကျောင်း ၂ ကြိမ် ပစ်ခတ်ခံရလို့ အများအပြားပျက်စီးသွားကြောင်း သိရပါတယ်။
MK- 011