မဲခေါင်၊ ဧပြီ ၂၁
ကရင်ပြည်နယ်၊ မြဝတီမြို့ကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်များက ဒေါနတောင်ခြေအနီးမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီထံမှ သံချပ်ကာကား ၁စီး၊ စစ်သုံးယာဥ် ၂ စီး၊လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။
KNLA ဦးဆောင်ပြီး ပူးပေါင်းတပ်ဖွဲ့တွေဟာ မြဝတီမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ ခလရ-၂၇၅ ကို ဧပြီ ၁၁ ရက်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်က မြဝတီမြို့ကိုပြန်လည်ရရှိရန် “ အောင်ဇေယျ” အမည်နဲ့ နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ် ဖော်ဆောင်တာဖြစ်ပါတယ်။
ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကို KNLA နဲ့ပူးပေါင်းတပ်တွေက လမ်းတစ်လျောက် ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့သံချပ်ကာကားအပါအဝင် စစ်သုံးယာဥ် ၂ စီး သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
“ မနေ့က မြေဟောက်အမျိုခံရလိုက်တဲ့ နောက်ထပ်တစ်စီး ” လို့ Cobra Column တပ်ခွဲ ၄ရဲ့ လူမှုကွန်ရက်မှာ ယနေ့နံနက်ပိုင်းက ဖော်ပြထားတာ တွေ့ရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော်ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ရှေ့သို့ဆက်မတက်နိုင်ပဲ ဒေါနတောင်တန်း အနောက်ဘက်တောင်ခြေတွင် ရပ်တန့်နေခဲ့တယ်လို့ KNU ကလည်း ဧပြီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိ ကော့ကရိတ်မြို့တွင် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကလာရာလမ်း တစ်လျှောက်တွင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားများနေထိုင်ရာ နေရာဒေသများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်သောကြောင့် အပြစ်မဲ့ အရပ်သားပြည်သူလူထုများ ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့ခြင်းများရှိသည့်အပြင် ပြည်သူ လူထုများ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့တယ်လို့ KNU ကပြောဆိုပါတယ်။
မြဝတီက တပ်စွန့်ထွက်ပြေးလာတဲ့ ခလရ-၂၇၅ ရဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNLA တပ်ဖွဲ့တို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ်၂ တံတားမှာ ဧပြီ ၁၉ ရက်နေ့ညပိုင်းကစပြီး ဧပြီ ၂၁ ရက် နံနက်ပိုင်းအထိ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုများကြောင့် ဒေသခံများ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ စစ်ဘေးတိမ်းရှောင်မှုများ ရှိခဲ့ပါတယ်။
CJ-015