မဲခေါင်၊ ဇန်န၀ါရီ ၂၆
ဇန်နဝါရီ ၂၄ ရက်နေ့က သုံ့ပန်းလဲလှယ်ဖို့ ယူကရိန်းစစ်သုံ့ပန်း ၆၅ ယောက်နဲ့ လေယာဉ်ဝန်ထမ်းအပါ စုစုပေါင်း ၇၄ ယောက်ပါတဲ့ ရုရှားစစ်လေယာဉ်ကို ယူကရိန်းဘက်က ပစ်ချခဲ့မှုနဲ့ပတ်သက်လို့ ရုရှားထိပ်သီးလွှတ်တော် အမတ်တစ်ဦးက ပစ်ချမခံရမီ ၁၅ မိနစ်ကတည်းက ယူကရိန်းထံ လေယာဉ်လာကြောင်း သတင်းပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။
ရုရှားနိုင်ငံ ဘယ်လ်ဂိုရော့ဒ်ဒေသ ယက်ဘလိုနိုဗိုရွာအနီး ပစ်ချခံလိုက်ရတဲ့ ရုရှားစစ်လေယာဉ်ပေါ် ပါလာသူအားလုံး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်အတွက် ရုရှားဘက်က စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး ဇန်နဝါရီ ၂၅ ရက် နေ့မှာ ထုတ်ပြန်တော့ ယူကရိန်းရဲ့ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ကြောင့် သုံ့ပန်းတွေ လဲလှယ်ဖို့ စေလွှတ်လိုက်တဲ့ လေယာဉ်ပေါ်ပါ အားလုံး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
၁၅ မိနစ်ကြိုပြီး ယူကရိန်းထံ သတင်းပေးပို့ခဲ့တဲ့ကြားက ပစ်ချခံရ တာဖြစ်တယ်လို့ ရုရှားစစ်တပ်နဲ့နီးစပ်တဲ့ ဗိုလ်ချုပ်ဟောင်း ရုရှားယူနိုက်တက်ပါတီ အမတ် အန်ဒရေး ကာတိုပိုလော့ဗ်က ထုတ်ပြန်သွားပါတယ်။ ရုရှားဟာ ဒီအရေးနဲ့ပတ်သက်လို့ ဇန်နဝါရီ ၂၅ ရက်နေ့မှာပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ခဲ့ပါတယ်။
ယူကရိန်းဘက်က ဒီပစ်ချမှုဟာ သူတို့လက်ချက်ဟုတ်မဟုတ် အတည်ပြုမှုမလုပ်ခဲ့ပေမယ့် သုံ့ပန်းလဲလှယ်မှု အတွက် အရင်အကြောင်းကြားမှုမျိုး ရုရှားဘက်က လုံး၀မလုပ်ခဲ့ကြောင်း၊ လေယာဉ်ပေါ် ယူကရိန်းစစ်သုံ့ပန်းတွေ ပါဝင်တဲ့ ဘယ်လိုသက်သေမျိုးကိုမှ လေယာဉ်အပျက်အဆီးတွေကြားမှာ ရှိကြောင်းလည်း ရုရှားဘက်က မပြသနိုင်ဘူလို့ ဆိုပါတယ်။
ဘာသက်သေမှ မပြသဘဲ ယူကရိန်းကို အပစ်တင်ဖို့သက်သက် ကြံစည်ခဲ့တာဖြစ်နိုင်ကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေး ပြောရေးဆိုခွင့်ရှိသူ အန်ဒရေးယူဆော့ဗ်က ယူကရိန်းနိုင်ငံတော် ရုပ်သံလိုင်းကနေ ထုတ်ပြန်ပြောဆိုသွားပါတယ်။
Ref: asiaone
MKF-001
#MeKongNews
#ရုရှား
#ယူကရိန်း
#စစ်လေယာဥ်
#ပစ်ချ