စောချစ်သူအပါ ကရင် BGF ခေါင်းဆောင်များကို ဖမ်း၀ရမ်းထုတ်နိုင်ရေး ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန ကြိုးပမ်း၊ နိုင်ငံခြားရေးဝန်ကြီးကမူ သူမသိသေးဟုဆို
မဲခေါင်၊ ဖေဖော်ဝါရီ ၁၁
တစ်ကမ္ဘာလုံးကို ဒေါ်လာဘီလီယံချီ လိမ်လည်နေသည့် ကျားဖြန်လုပ်ငန်းများကို အကာအကွယ်ပေး၊ ရင်းနှီးမြှုပ်နှံထားသူ ကရင်နယ်ခြားစောင့်တပ် BGF မှ အကြီးဆုံး ၃ ဦးဖြစ်သော ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုဗိုလ်မှူးကြီးမုတ်သုန်နှင့် ဗိုလ်မှူးတင်ဝင်းတို့ကို တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် ပူးပေါင်းကာ လူမှောင်ခိုကူးမှု အပါအဝင် ပြစ်မှုများစွာကျူးလွန်ခြင်းကြောင့် ဖမ်း၀ရမ်းထုတ်နိုင်ရေး စီစဉ်နေကြောင်း ထိုင်းတရားရေးဝန်ကြီး ရဲမှူးကြီး ထာဝီဆော့ဒ်ဆန်က ဖေဖော်ဝါရီ ၁၁ ရက်၊ အစိုးရအိမ်တော် အင်တာဗျူးအစီအစဉ်တွင် ပြောဆိုလိုက်သည်။
ထာဝီဆော့ဒ်ဆန်က မိမိ၏ အင်တာဗျူးမှာ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ကိုယ်စားပြုကြောင်းနှင့် BGF ခေါင်းဆောင် ၃ ယောက်၏ မှုခင်းကျူးလွန်နေခြင်းများသည် နှစ်ပေါင်းအတော်ကြာကတည်းက ရှိနေခဲ့ပြီး လူမှောင်ခိုကူးမှု သက်သေများကို DSI အစိုးရရှေ့နေများထံ တင်ပြနိုင်ရေး စီစဉ်နေကာ တင်ပြမှုသက်သေများ ခိုင်လုံပါက ဖမ်း၀ရမ်းထုတ်ရမည်ဖြစ်ကြောင်း ၎င်း၏ အင်တာဗျူးတွင် ပြောသည်။
ထိုင်းနိုင်ငံသားများကို ၎င်းတို့က လူမှောင်ခိုကူးပြန်ပေးဆွဲသည့် သက်သေများ ရှိထားပြီးဖြစ်သလို တခြားသော နိုင်ငံခြားသားများစွာလည်း လူမှောင်ခိုကူးခံရမှုများ ရှိခဲ့သည့် သက်သေများ DSI တွင် ရှိထားပြီးဖြစ်သဖြင့် ဖမ်း၀ရမ်းထုတ်ရန် အစိုးရရှေ့နေများထံ တင်ပြထားခြင်း ဖြစ်သည်ဟု ထာဝီဆော့ဒ်ဆန်က ရှင်းလင်းပြောကြားသည်။
သို့သော် BGF အခြေချရာ ကျားဖြန့်နယ်မြေကို မြန်မာစစ်ကောင်စီ ထိန်းချုပ်ထားနိုင်ခြင်းမရှိသဖြင့် စစ်ကောင်စီနှင့် မူဝါဒအရ ဆွေးနွေးရမည်ဖြစ်သော်လည်း နှစ်နိုင်ငံ ပူးပေါင်းဖမ်းဆီးရေးကို သတိကြီးစွာထားရှိ လုပ်ဆောင်ရ မည်ဖြစ်ကာ အာဆီယံနှင့်တရုတ်အပါအဝင် လုံခြုံရေးအေဂျင်စီများ ပူးပေါင်းဆောင်ရွက်နိုင်လျှင်မူ ဖမ်းဆီးနိုင်ရေး မခက်ခဲကြောင်း၊ ဖမ်း၀ရမ်းစာရင်းကို တရုတ်ကျားဖြန့်နှိမ်နင်းရေး စစ်ဆင်မှုအား ဦးဆောင်သူ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုဝန်ကြီး လူဇောင်ယီက ထုတ်ပေးခြင်းမျိုးမဟုတ်ကြောင်း သူက ဆက်ပြောသည်။
ကျားဖြန်အမြစ်ဖြတ်လိုလျှင် အဓမ္မလူကုန်ကူးခံရသူမှန်း မသေချာ၊ တရားခံအစစ်မှန်းမသေချာဘဲ လွတ်လာသူများကို မွေးရပ်နိုင်ငံ ပြန်လွှတ်ပေးနေရုံဖြင့် ထူးခြားစရာမရှိသည့်အတွက် အဓိက ခေါင်းဆောင်များကို ဖမ်း၀ရမ်းထုတ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း ထာဝီဆော့ဒ်ဆန်က ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ ဖမ်းဝမ်းထုတ်ရန်စီစဉ်နေခြင်းနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးကမူ သူ ဒီသတင်းမသိသေးကြောင်းနဲ့ အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းမယ်ဆိုတဲ့ သတင်းတွေကို ဝန်ကြီးချုပ် ပြောတယ်ဆိုတာလည်း မဟုတ်ကြောင်း၊ ဖမ်း၀ရမ်းစာရင်းပေါက်ကြားတာမျိုးက အားလုံးအတွက် အနုတ်သဘောဆောင်စေပြီး အကောင်အထည်ဖော်ရန် ခက်သွားနိုင်ကြောင်း ၎င်း၏ ယနေ့နံနက်သတင်းစာရှင်းလင်းပွဲတွင် ထပ်မံပြောဆိုသည်။
ကိုကလင်း
Ref: matichon
#MeKongNews








