မယ်ဆိုင်ဒေသ ရေကြီးရေလျှံ မြေပြို နုံးတင်တဲ့ ဘေးအန္တရာယ်တွေဖြစ်ပေါ်ခဲ့တာဟာ မိုင်းဆက်အရှေ့ပိုင်း အကြီးစားသတ္တု တူးဖေါ်တာတွေကြောင့်ဖြစ်
မဲခေါင်၊ နိုဝင်ဘာ ၂၇
ထိုင်းနိုင်ငံသဘာဝအရင်းအမြစ်ဌာနရဲ့ လေ့လာမှုအရ မယ်ဆိုင်မြို့မြောက်ပိုင်း နယ်စပ်ဒေသတလျှောက် ရေကြီးရေလျှံ ဖြစ်ပေါ်စဉ်ကမကြုံစဖူး နုံးမြေတွေတင်ကျန်တာနဲ့ မြေပြိုတာတွေဖြစ်ပေါ်ခဲ့တာဟာ မိုင်းဆတ်မြို့ အရှေ့ပိုင်းရှိ အကြီးစား ရွှေတူးဖော်ထုတ်လုပ်တာတွေကြောင့် ဖြစ်တယ်လို့ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)က ဒီကနေ့ထုတ်ပြန်ပါတယ်။
မယ်ဆိုင်မြစ်ရဲ့ ရေကြောင်းတလျှောက်မျောပါလာတဲ့နုံးတွေမှာ အာဆင်းနစ်၊ နီကယ်လ်နဲ့ ဇင့်ပါဝင်မှု အများဆုံးဖြစ်ပြီး ဇင့်ပါဝင်မှုမှာသတ်မှတ်ထားတဲ့ ပမာဏထက် ၁၈ ဆပိုများနေသလိုဂြိုလ်တုမြေပုံတွေကို လေ့လာမှုအရလည်း မြို့အတွင်းရှိတင်ကျန်နေတဲ့ နုံးတွေကိုအဓိကဖြစ်ပေါ်စေတဲ့အကြောင်းမှာ မိုင်းဆတ်မြို့အရှေ့ပိုင်း၊ မယ်ဆိုင်မြစ်တလျှောက် (မယ်ဆိုင်အထက်ပိုင်း) ရှိ ရွှေတူးဖော်ထုတ်လုပ်မှုတွေကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မိုင်းဆတ်မြို့အရှေ့ပိုင်းရှိ UWSA (ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်) လက်အောက်ခံဒေသတွေဖြစ်တဲ့ မိုင်းကန်းအနီးတဝိုက်၊ နားယောင်းအနီးတဝိုက်နဲ့ စစ်ကောင်စီလက်အောက်ခံရွာတွေဖြစ်တဲ့ မယ်ကြုတ်ရွာတို့မှာ လွန်ခဲ့တဲ့ ၂နှစ်ခန့်ကစပြီး ရွှေတူးဖော်ထုတ်လုပ်မှုတွေ ပိုမိုများပြားလာခဲ့တယ်လို့ SHRFက ဆိုပါတယ်။
မိုင်းကန်းနဲ့ နားယောင်းအနီးတဝိုက်ရှိ ရွှေတူးဖော်မှုတွေဟာ မိုင်းဆတ်မြစ်တလျှောက်မှာ ၂၀၂၂ နှောင်းပိုင်းမှ စတင်များပြားလာတာဖြစ်ပြီး မြစ်ဘေးရှိ တောင်သားအစိတ်အပိုင်းတချို့ တိုက်စားခံရကာ ခဲဓါတ်များတဲ့ ကန်တွေအဖြစ်သို့ ပြောင်းလဲသွားသလို အဲဒီကန်တွေမှာရွှေတူးဖော်တဲ့အခါအသုံးပြုတဲ့ဆိုင်ယာနိုက်နဲ့တူညီတဲ့ အဆိပ်ရှိ ဓာတုပစ္စည်းတွေပါဝင်တာ တွေ့ရှိရတယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မယ်ကြုတ်ဒေသမှာလည်း ၂၀၂၁ နှောင်းပိုင်းမှာ ရွှေတူးဖော်တာတွေကြောင့် ထိုင်း-မြန်မာနယ်စပ်အနီး စီးဆင်းနေတဲ့ ချောင်းတွေကတဆင့် မိုင်းကန်းအထက်ပိုင်း မယ်ဆိုင်မြစ်အတွင်းကို စွန့်ပစ်ပစ္စည်း အများအပြားစီးဝင်ခဲ့ကြောင်းနဲ့ မယ်ကြုတ်ဒေသဟာ စစ်ကောင်စီနဲ့မဟာမိတ်ဖြစ်တဲ့ လားဟူ လက်နက်ကိုင်တပ်ဖွဲ့ထိန်းချုပ်နယ်မြေအတွင်းတည်ရှိပြီး အဲဒီသတ္တုတူးဖော်ရေးလုပ်ငန်းတွေအနီးမှာလည်း ကင်းစခန်းအများအပြားချထားတယ်လို့ SHRFကဆိုပါတယ်။
နမ့်ခုတ်မြစ်အထက်ပိုင်း၊ မိုင်းဆတ်မြို့တောင်ဘက်မှာလည်း ၂၀၂၃ ခုနှစ်မှစတင်ပြီး တရုတ်ကုမ္ပဏီ ခုနှစ်ခုက UWSAနဲ့ချိတ်ဆက်ပြီး ရွှေတူးဖော်တာတွေလုပ်ဆောင်ခဲ့တာကြောင့် အဆိပ်အတောက်နဲ့ စွန့်ပစ်ပစ္စည်းတွေဟာ ထိုင်းနိုင်ငံနယ်စပ် မီတာ ၃၀ အကွာအထိ မြစ်တွေအတွင်းကို စီးဆင်းနေတယ်လို့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာလကလည်း ထိုင်းနိုင်ငံနယ်စပ် သုံးကီလိုမီတာ အကွာရှိ နမ့်ခုတ်မြစ်တလျှောက်ရှိ မိုင်းယွမ်းဒေသအတွင်းက ပိန်းခမ်း၊ရှမ်းရွာမှာ နုံးတင်ရေကြီးတာတွေဟာ မြစ်အထက်ပိုင်းရှိ ရွှေတွင်းအသစ်တွေကြောင့် ဖြစ်တယ်လို့ယူဆရသလိုထိုင်းနိုင်ငံနယ်၊ ချင်းမိုင်မြောက်ပိုင်း၊ နမ့်ခုတ်မြစ်တလျှောက်မှာရှိတဲ့ တာတွန်းရွာနဲ့အခြားရွာတွေမှာလည်း ဆိုးရွားတဲ့နုံးတင်ရေကြီးမှုတွေဖြစ် ပေါ်ခဲ့တယ်လို့ SHRFက ထုတ်ပြန်အသိပေးထားတာဖြစ်ပါတယ်။
CJ-003
#MekongNews











