MFP အမတ်တွေကို ဘက်ပြောင်းဖို့ ဝန်ကြီးအဖွဲ့ တစ်ယောက် ဘတ်သန်း ၂၀နဲ့ ၃၀ ကြားပေး စည်းရုံးမှု ဝန်ကြီးချုပ် ငြင်းဆို
မဲခေါင်၊ သြဂုတ် ၉
ဩဂုတ် ၇ ရက်နေ့မှာပဲ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ၂၀၂၃ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီကို ဘုရင်အသရေငြိုးနွမ်းစေဖို့ လှုံ့ဆော်မှုနဲ့ ဖျက်သိမ်းကြောင်း အမိန့်ချမှတ်ခဲ့သလို ပါတီခေါင်းဆောင် ဖိထာ အပါအဝင် ပါတီအမှုဆောင် ၁၁ ယောက်ကိုပါ နိုင်ငံရေးနဲ့ ၁၀ နှစ် မပတ်သက်ရ အမိန့်ချမှတ်ခဲ့ပါတယ်။
ဒါကြောင့် ချက်ချင်းဆိုသလို ပါတီဝင် လွှတ်တော်အမတ်အားလုံး ဩဂုတ် ၉ ရက်နေ့မှာ ဘန်ကောက် နယူးဖက် ချာဘူရီလမ်းက Thai Summit Tower မှာ အားလုံးပါဝင်တဲ့ အစည်းအဝေးခေါ်ထားပြီး လွှတ်တော်ထဲမှာ အမတ်နေရာအများဆုံးရထားတဲ့ လက်ရှိ MFP ပါတီကိုယ်စားပြု အမတ် ၁၄၃ ယောက်စလုံး ပြန်လည်ပါဝင်တဲ့ ပါတီအသစ်နဲ့ နိုင်ငံရေးယာဉ်အသစ်စီးပြီး ရွေးကောက်ပွဲမှာ တိုက်ပွဲဝင်သွားမယ်လို့ ပါတီက X (ယခင်တွစ်တာ) မှာ ရေးတင်သွားခဲ့ပါတယ်။
MFP ပါတီ အမှုဆောင် ၆ ယောက်ကတော့ ၁၀ နှစ် နိုင်ငံရေးပိတ်ဆို့ခံရတဲ့ အမှုဆောင် ၁၁ ယောက်ထဲ ပါဝင်ခဲ့တာကြောင့် ဆက်လက် အမတ် လုပ်ခွင့်မရတော့ဘဲ နေရာဆုံးရှုံးခဲ့ရပေမယ့် လွှတ်တော်အတွင်းက အမတ် ၁၄၃ ယောက်စလုံးဟာ တခြားပါတီတွေဆီ ဘက်ပြောင်း သပ်ရှိုတာ မရှိဘဲ ယခင်ပါတီရဲ့ ရည်မှန်းချက်၊ တူညီတဲ့ မူတွေနဲ့ ပါတီသစ်မှာ ပြန်လည်ပါဝင်သွားကြမှာဖြစ်ကြောင်းနဲ့ အစည်းအဝေးကို အကုန်လာတက်ကြမယ်လို့ ဖျက်သိမ်းခံပါတီ ပြင်ပဆက်ဆံရေးအသင်းက ထုတ်ပြန်ပါတယ်။
MFP ပါတီအမည်မပြောင်းခင် Future Forward ပါတီအမည်နဲ့ ရွေးကောက်ပွဲကို ဝင်ပြိုင်ခဲ့စဉ်က လွှတ်တော်တွင်း မဲအနိုင်ရပြီး အမတ်နေရာ ၈၁ နေရာရခဲ့သူတွေထဲက ဘက်ပြောင်းလျှိုဝင်လို့ စစ်တပ်ထောက်ခံပါတီတွေထဲ ဝင်သွားခဲ့တာ ၁၀ ယောက်ရှိခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ ထိုင်းကွန်ဆာဗေးတစ်တွေနဲ့ စစ်ဘက်အကြီးအကဲတွေက Future Forward ပါတီကို တစ်ခါ ဖျက်သိမ်းခဲ့စဉ် ပါတီပြောင်းသွားတဲ့ ဘက်ပြောင်းသူ ၁၀ ယောက်ဟာ ၂၀၂၃ ရွေးကောက်ပွဲမှာ တစ်ယောက်မှ မဲအနိုင်ရမှုလည်း မရှိခဲ့ပါဘူး။
ဒါကြောင့် လက်ရှိ ဖျက်သိမ်းခံပါတီကနေ အမတ် နေရာရထားသူအားလုံး နာမည်သစ်နဲ့ပါတီသစ်မှာပဲ အကုန်ပါဝင်မှာဖြစ်ပြီး နိုင်ငံရေးယာဉ်အသစ်နဲ့ ရွေးကောက်ပွဲ တိုက်ပွဲဝင်သွားမယ်၊ လမ်းပေါ်တိုက်ပွဲမဟုတ်ဘဲ လွှတ်တော်တွင်းတိုက်ပွဲမျိုးဆင်နွှဲပြီး ရှေးရိုးစွဲစနစ်ကို တိုက်ဖျက် သွားမယ်လို့ ပိတ်ပင်ခံ ပါတီခေါင်းဆောင် ဖိထာက ရဲဝင့်ပြတ်သားစွာ ထုတ်ဖော်ပြောဆိုသွားပါတယ်။
ဩဂုတ် ၉ ရက်မှာ ပါတီ အမှုဆောင်သစ်တွေနဲ့ အဖွဲ့ဝင်အဟောင်းအသစ်တွေကို ပြန်လည်ရွေးချယ်ကာ စက်တင်ဘာ ၁ ရက်ကစလို့ ပါတီသစ်ဟာ ရတ်ချာဘူရီခရိုင်မှာ လှုပ်ရှားမှုတွေ စလုပ်မှာဖြစ်ကြောင်းနဲ့ အလှူခံဌာနကိုပါ တစ်ခါတည်း စတင်ဖွင့်လှစ်သွားမယ်လို့ ပါတီက ကြေညာခဲ့ပါတယ်။
တစ်ဆက်တည်း ချာချိုအန်ဆာချိုခရိုင်ကနေ မဲအနိုင်ရလာတဲ့ MFP လွှတ်တော်အမတ် ဂျီရတ်သောင်ဆူဝန်က သူ့ဆီကို သူငယ်ချင်းတစ်ဦးကနေ လက်ရှိ အစိုးရအဖွဲ့ဝန်ကြီးတွေ လုပ်နေသူတွေက သူတို့ပါတီတွေထဲ ဘက်ပြောင်းလာရင် ဘတ် သန်း ၂၀ ကနေ ၃၀ အထိပေးမယ်လို့ အောက်လမ်းက ဆက်သွယ်စည်းရုံးလာကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒီပြောဆိုမှုကိုတော့ ဖိထာရမယ့် ဝန်ကြီးချုပ်နေရာကို စစ်ဗိုလ်ချုပ်တွေ၊ ကွန်ဆာဗေးတစ်တွေနဲ့ ဖွေထိုင်းပါတီ မဟာမိတ်လုပ်ပြီး ရယူသွားတဲ့ လက်ရှိဝန်ကြီးချုပ် ဆရတ်သာက ဘာသက်သေမှ မရှိသလို မကြားမိကြောင်း မီဒီယာတွေမေးမြန်းမှုကို ငြင်းဆိုဖြေကြားသွားပါတယ်။
ဒီရက်ထဲ ဖိထာဟာ အနောက်နိုင်ငံအများစုပါတဲ့ ပြည်ပနိုင်ငံ သံတမန် ၁၈ ယောက်နဲ့ စည်းဝေးတွေ့ဆုံခဲ့လို့ ဆက်တိုက်ဆိုသလို ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီနောက်ပြန်သွားနေမှုအတွက် ဝေဖန်ရှုတ်ချမှုတွေ ဆက်တိုက်ထွက်ပေါ်လာပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်တည်လာဖို့ ရှိနေပါတယ်။
လက်ရှိမှာတော့ MFP ပါတီ ဖျက်သိမ်းချင်းချင်း ကုလသမဂ္ဂထိုင်းနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်က ရှုတ်ချကြောင်းနဲ့ ပူပန်စရာအခြေအနေရှိတယ်လို့ ထုတ်ပြန်ခဲ့သလို အမေရိကန်အစိုးရကလည်း တရုတ်နဲ့ မိမိတို့အကြား ဆက်ဆံရေးမှာ လက်ရှိ ဒီမိုကရေစီလမ်းကြောင်းသွေဖယ်နေမှုက တရုတ်ဘက်ကို အားထားနေခြင်းသရုပ်သကန်ဖြစ်ကြောင်း ထုတ်ပြန်ရှုတ်ချသွားခဲ့ပါတယ်။
Ref: straitstimes
MKF-001








