မဲခေါင်၊ ဇူလိုင် ၂၉
အိန္ဒိယနိုင်ငံအလယ်ပိုင်း အက်ဒ်ဟာပရာဒက်ရှ်ပြည်နယ်မှာ နေထိုင်တဲ့ ကျပန်းလုပ်သားတစ်ဦးဟာ မိသားစုဝင် ၉ ယောက်ရှိတာကြောင့် အကြွေးတွေပိနေရာက ကံကောင်းထောက်မစွာနဲ့ ၁၉ . ၂၂ ကာရတ်ရှိ ဒေါ်လာ ၁ သိန်းတန် စိန်တုံးရရှိလို့ ဘ၀ပြောင်း ချမ်းသာသွားခဲ့ပါတယ်။
သားသမီး ၇ ယောက်ရှိပြီး နေထိုင်ရာရွာမှာ ခိုင်းသမျှ ကျပန်း အလုပ်တွေလုပ်ကိုင်ရင်း အကြွေးတွေတင်နေခဲ့တဲ့ အသက် ၄၀ အရွယ် ရာဂျူးဂွန်းဆိုသူဟာ ကျပန်းအလုပ်မှာ တစ်နေ့ ရူပီး ၃၅၀ (၃ . ၂၅ ပေါင်) သာရလို့ မိသားစု အခက်အခဲများစွာ ကြုံနေခဲ့ရပါတယ်။
ဒါကြောင့် ရာဂျူးနဲ့ညီအစ်ကိုတော်သူ ရာကက်ရှ်တို့ဟာ ကရစ်ရှ်နာကလျန်ပါ ဒေသ ရွှေမိုင်းမှာ အလုပ်သွားလုပ်ဖို့ စွန့်စား ဆုံးဖြတ်ခဲ့ပြီး အစိုးရပိုင် မိုင်းတွင်းမှာ တစ်ရက် ၇ ပေါင် နှုန်းပေးလို့ အဖိုးတန် တွင်းထွက်နဲ့ ရွှေသတ္တုတွေကို ရှာဖွေနေခဲ့တာ ဆယ်စုနှစ် တစ်ခုကြာခဲ့ပြီဖြစ်ပါတယ်။
နောက်ဆုံးမှ မိုင်းတွင်း အတိုအစ အညစ်အကြေးတွေကို သန့်စင်ရင်း လင်းလက်နေတဲ့ ၁၉ . ၂၂ ကာရတ်ရှိ စိန်တုံးကို ရရှိသွားလို့ ဒေသတွင်း ပန်နာစိန်ရာဖြတ်ရုံးကို သွားပြတော့ တန်ဖိုး ဒေါ်လာ ၁ သိန်း (၇၇၆၆၈ ပေါင်) တန်ဖိုးဖြတ်တဲ့အတွက် အစိုးရကို အခွန် ၁၁ . ၅ ရာခိုင်နှုန်း ပေးပြီး ရုတ်တရက် မိသားစုလိုက် ကြွယ်၀သူဘ၀ရောက်လာခဲ့တာဖြစ်ပါတယ်။
ဒီသတင်းကိုအိန္ဒိယမီဒီယာတွေကမေးမြန်းဖော်ပြရာမှာတော့ မိသားစု စားစရိတ်နဲ့ ပညာရေးစားရိတ်ကြောင့် တင်ရှိနေတဲ့အကြွေး အိန္ဒိယ ရူပီး ၅ သိန်း (၄၆၄၅ ပေါင်) ကို ပြန်ဆပ်ခဲ့ပြီး အိမ်နဲ့မြေယာတွေဝယ်၊ လယ်ထွန်စက် ဝယ်ကာ ဒါဇင်နဲ့ချီတဲ့ ဆွေမျိုးတွေကိုပါ အထောက်အပံ့ပေးကူညီသွားဖို့ ဆုံးဖြတ်ထားကြောင်း ရာဂျူးက ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။
Ref:Thesun
MKF-001











