မိုင်းဆတ်မှာ မူးယစ်ဆေး လက်ဝယ်တွေ့ရှိပါက ငွေမပေးနိုင်မှသာ ဖမ်းဆီးခံရ
မဲခေါင်၊ ဇန်နဝါရီ ၈
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့မှာ မူးယစ်ဆေးလက်ဝယ်တွေ့ရှိသူ ငွေပေးနိုင်ရင် မူးယစ်ရဲနဲ့ ရာအိမ်မှူးတချို့က မဖမ်းပဲ ငွေမပေးနိုင်သူကိုသာ ဖမ်းဆီးအမှုဖွင့်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းဆတ်မြို့မှာ ခရိုင်ဒ/န က ရဲအုပ်ဇော်လင်းထွန်း၊ ရဲတပ်ကြပ်ကြီးဝင်းထိန်၊ ကုန်းကုလားက ရာအိမ်မှူး ဦးထွန်းထွန်းဝင်း၊ မယ်ဆွမ်တောင်ကဆယ်အိမ်မှူး ဦးထွန်းမြင့်တို့ပေါင်းပြီး မူးယစ်ဆေးရောင်းသူတွေကို လိုက်လံစုံစမ်းဖမ်းဆီးကာ မူးယစ်ဆေးလက်ဝယ်ရှိသူကို ဖမ်းမိရင် ငွေတောင်းပြီးပြန်လွတ်ပေးပေမယ့် ငွေမပေးနိုင်သူကိုသာ အမှုဖွင့်အရေးယူမျိုးပြုလုပ်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာ၂၃ ရက်က ဝိန်းဝိုင်ရပ်ကွက်နေသူတစ်ဦးထံမှာ WY ဆေးပြား ၁၉ ပြားတွေ့ရှိတာကြောင့် ဘတ်ငွေ ၂ သိန်း(ကျပ်ငွေ သိန်း၂၀၀ ကျော်)တောင်းပါတယ်၊ အဲ့ဒီပမာဏ ပေးနိုင်တဲ့အခါ ဘတ် ကိုးသောင်းတောင်းထိ လျှော့ချတောင်းယူပေမယ့်လည်း ကာယကံရှင်က မပေးနိုင်တာကြောင့် ဖမ်းဆီးအမှုဖွင့်တယ်လို့ ပြောပါတယ်။
“ မူးယစ်ပုဒ်မနဲ့စွဲထားတယ်၊ သူ့သမီးက ရဲသင်တန်းကျောင်းတက်နေတာ၊ သူ့အဖေသတင်းကြားလို့ လာချင်ပေမယ့် လာလို့မရဖြစ်နေတယ်၊ သူ့အဖေက သုံးတာပါ၊ မရောင်းပါဘူး၊ တောင်းတာ သိန်းရာကျော်ဆိုတော့သူတို့ မတတ်နိင်ကြဘူး” လို့ မိုင်းဆတ်၊ ကျဒယ်ကုန်းနေ ဆွေမျိုးနီးစပ်တော်သူတစ်ဦးက ပြောပါတယ်။
မူးယစ်ရဲနဲ့အုပ်ချုပ်ရေးပိုင်းဟာ မူးယစ်ဆေး ဝါးနှိမ်နင်းရေး၊ မူးယစ်ဆေးစွဲသူ လျှော့ချပပျောက်ရေးကို အဓိက ဆောင်ရွက်နေတာမဟုတ်ပဲ လုပ်ပိုင်ခွင့်အာဏာကို အသုံးချကာ ငွေရဖို့သာ လုပ်ဆောင်နေတာဖြစ်တယ်လို့ မိုင်းဆတ်ဒေသခံတွေက ပြောပါတယ်။
“ မူးယစ်ထုတ်တဲ့ အကြီးကြီးတွေကျ မဖမ်းရဲကြဘူး၊ အကောင်ကြီးတွေကလည်း အပေါ်ကိုပိုင်အောင် ပေါင်းထားကြတာ၊ ခုလိုအနည်းသမားလေးတွေကျမှ ငွေညှစ်တာ၊ ခုလည်း သတင်းပေါက်လာလို့သာ သိကြရတာ၊ ဒီလိုအများကြီးရှိတယ်”လို့ မိုင်းဆတ်ဒေသခံတစ်ဦးက ပြောပါတယ်။
မိုင်းဆတ်က မူးယစ်ဆေးဝါးမျိုးစုံဟာ KTV တွေမှာ အများဆုံးတွေ့ရပြီး ကက်တမင်းK၊ ရာမဆေးပြားWY၊ ရေခဲ ICE၊ ဘိန်း ဖြူနဲ့Happy water ကို လူငယ်များကြားထဲမှာ သုံးစွဲနေကြသလို ဘိန်းစာရွက်အရည်ကို စားသောက်ဆိုင်တွေမှာပါ သုံးစွဲနေကြတာဖြစ်ပါတယ်။
မိုင်းဆတ်မြို့မှာ မူးယစ်ဆေးမျိုးစုံရရှိနေလို့ လူငယ်အမျိုးသမီးငယ်တချို့နဲ့ အသက်ကြီးသူတချို့လည်း မူးယစ်ဆေးသုံးစွဲနေကြတယ်လို့ သိရပါတယ်။
MK-012
#MeKongNews








