မဲခေါင် ဇွန် ၁၃
ရှမ်းပြည်တောင်ပိုင်းကထွက်ရှိတဲ့ ဂေါ်ဖီထုပ်တွေဟာ သင်္ကြန်ကာလမတိုင်မှီက ဂေါ်ဖီထုပ် တစ်ထုပ်ကို ၄၀၀ ကျပ်သာ ပေါက်ဈေးရှိခဲ့ရာက ဇွန်လအတွင်းမှာတော့ အထုပ်အကြီးအသေးပေါ်မူတည်ပြီး အများဆုံး ဂေါ်ဖီထုပ်တစ်ထုတ်ကို ၄၀၀၀ ကျပ်အထိ ပေါက်ဈေး ရှိနေတယ်လို့ ဆိုပါတယ်။
ဈေးကွက်ထဲ ဂေါ်ဖီထုပ်တွေဟာ ၁၀ ဆ ကျော် ဈေးတက်လာပြီး ပစ္စည်းရှားပါးနေတာကြောင့် စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်သူတွေအတွက် အခက်အခဲဖြစ်နေတယ်လို့ ပွဲရုံနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
“ဈေးကွက်ထဲမှာ တစ်ထောင်ကျော် နှစ်ထောင်တန်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီ ဂေါ်ဖီထုပ် ၅ ထုပ်က အထုပ်ကြီး တစ်ထုပ်စာတောင် မရဘူး။ စားသောက်ဆိုင်တွေဆိုတာက အကင်ဆိုင်ဖြစ်ဖြစ်၊ အထောင်းဆိုင်ဖြစ်ဖြစ်၊ ထမင်းဆိုင်ဖြစ်ဖြစ် ဂေါ်ဖီထုပ်က အသက်ပဲလေနော်။ အခုတော့ အဲဒါထည့်ရမယ့် နေရာကို တခြားအစားထိုး ဘာမှမထည့်ပဲနဲ့လည်ပတ်နိုင်အောင် စီစဉ်နေရတယ်” လို့ တောင်ကြီးတက္ကသိုလ်အနီး စားသောက်ဆိုင်ဖွင့်လှစ်ထားသူ တစ်ဦးက ပြောပါတယ်။
နိုင်ငံတစ်ဝှမ်း စားသောက်ဆိုင်တွေမှာ ဂေါ်ဖီထုပ်ကို အကြော်အလှော်၊ အထောင်း၊ အသုပ်၊ အတို့အမြုပ် စတဲ့ နေရာစုံမှာ အသုံးပြုနေကြတဲ့အပြင် အိမ်ရှင်မ အများစုအတွက်လည်း အရံဟင်း၊ အဓိက ဟင်းလျာတွေမှာ အသုံးပြုကြတာကြောင့် အခက်ကြုံနေရတာပါ။
လတ်တလောမှာတော့ ဂေါ်ဖီထုပ်တွေ စံချိန်တင်ဈေးတက်နေပေမယ့် ရှမ်းတောင်ဒေသတွင်းမှာတော့ ရောင်းမလောက်အောင်ဖြစ်နေပြီး တချို့ပွဲရုံတွေမှာလည်း ပစ္စည်းပြတ်နေတယ်လို့ သိရပါတယ်။
“စားသောက်ဆိုင်ကြီးတွေတော့ အလုယက်ဝယ်ကြတာပဲ။ သူတို့က ဈေးတင်လို့ကောင်းတယ်လေ။ ပြီးတော့ တဆင့်ပြန်ရောင်းသူတွေပေ့ါ။ ဆိုင်သေးတွေတော့ ဘယ်သုံးနိုင်တော့မလဲ။ တောင်သူတွေကတော့ မမြတ်ဘူးလို့ ကြားတယ်” လို့ တောင်ကြီးမြို့တွင်း ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ရှမ်းတောင်ဒေသမှာ ဇွန်လ တတိယအပတ်ကတည်းက မိုးဆက်တိုက် ရွာသွန်းတာကြောင့် ဂေါ်ဖီထုပ်စိုက်ခင်းတွေ ပျက်စီးပြီး ဈေးကွက်ပစ္စည်းရှားပါးလာတာကြောင့် ဈေးတက်ရတာလို့ ဆိုပါတယ်။
ရှမ်းပြည်တောင်ပိုင်းရှိ ရွာငံ၊ ပင်းတယ၊ ကလော၊ ပင်လောင်း စတဲ့ဒေသတွေမှာ ဂေါ်ဖီထုပ်ကို စိုက်ပျိုးကြပြီး လက်ရှိ ဈေးကောင်းရနေပေမယ့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ လုပ်သားခတွေ ၃ ဆခန့် စျေးတက်နေတဲ့အပြင် မိုးသည်းထန်စွာရွာသွန်းပြီး စိုက်ခင်းတွေ ပျက်စီးကုန်တာကြောင့် တောင်သူတွေအနေနဲ့ အမြတ်နည်းပါးတယ်လို့ စုံစမ်းသိရပါတယ်။
MK014








