မဲခေါင်၊ ဒီဇင်ဘာ ၁၃
ဒီဇင်ဘာ ၈ ရက်တွင် ထိုင်းစစ်သားများ အငြင်းပွားနယ်စပ်တွင် ကမ္ဘောဒီးယားမှ အသစ်ခင်းသည့် မြေမြုပ်မိုင်းများနင်းမိရာမှ ထိုင်းနှင့် ကမ္ဘောဒီးယားတို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားနေရာ ဒီဇင်ဘာ ၁၂ ရက်တွင် နှစ်နိုင်ငံခေါင်းဆောင်များနှင့် ဖုန်းပြောအပြီး အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့သည်ဟု ငြိမ်းချမ်းရေးပွဲစားကြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်သွားခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် နှစ်နိုင်ငံစလုံးမှ အပစ်ရပ်စဲရန်သဘောတူသည်ဟုဆိုသော်လည်း ထိုင်းဘက်မှ အတည်မပြုဘဲ ထရမ့်ဆိုခဲ့သည့်အတိုင်း ကမ္ဘောဒီးယားတပ်များ နယ်စပ်မှ ပြန်ဆုတ်ခွာရန်၊ ခင်းထားသည့်မိုင်းများဖယ်ရှားရန်၊ အပစ်အခတ်လုံး၀ ရပ်ရန်ကို လက်တွေ့လုပ်ပြပြီးမှ မိမိတို့ဘက်မှ သဘောတူမည်ဟု ထိုင်းဝန်ကြီးချုပ် အနုတင်က ထုတ်ပြန်ပြောဆိုခဲ့ကာ ဒီဇင်ဘာ ၁၃ ရက်မနက်တွင် နှစ်ဖက်စလုံးမှ တိုက်ခိုက်မှုများကို ပိုမိုပြီးပင် အရှိန်မြှင့်တင်တိုက်ခိုက်ခဲ့ကြသည်။
သေဆုံးသူ ၂၀ ကျော်ကာ ဒဏ်ရာရသူပေါင်း ရာချီရှိလာသည့် ထိုင်းနှင့်ကမ္ဘောဒီးယားတို့၏ နယ်စပ်စစ်ပွဲ တွင် ဒီဇင်ဘာ ၁၃ ရက်မနက်ပိုင်းက ဆီဆခတ်ခရိုင်ဘက်သို့ ကမ္ဘောဒီးယားဘက်မှ ၁၉ မိုင်မှ ၂၅ မိုင် အကွာအထိ ပစ်နိုင်စွမ်းရှိသော BM -21 ဒုံးအတွဲလိုက်ဖြင့် ပစ်ခတ်ရာ ထိုင်းပြည်သူ ၄ ဦး ဒဏ်ရာရပြီး အိမ်၂ လုံးပျက်စီးခဲ့သည်ဟု ထိုင်းမီဒီယာများဘက်က ထုတ်ပြန်ခဲ့သည်။
ယင်းဖြစ်စဉ်နှင့်တစ်ပြိုင်နက် ထိုင်းဘက်မှ ဖိုက်တာဂျက်လေယာဉ်များဖြင့် ကမ္ဘောဒီးယားဘက်ခြမ်းမှ စစ်ရေးထောက်ကူပေးနေ သည့် ကာစီနိုရုံနှင့် အခြားစစ်ရေးပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့သလို နယ်စပ်ရှိ ပါဆတ်ခရိုင်မှ ချမ်နီအာ တံတားကြီးကိုလည်း ပစ်ခတ်ဖျက်ဆီးခဲ့သည်။
ထိုင်းနှင့်ကမ္ဘောဒီးယားတို့ စစ်ဖြစ်မှုသည် လမ်းဘေးဖြစ်ရပ်များလောက်သာ ရှိသည်ဟု ဒေါ်နယ်ထရမ့်က သုံးနှုန်းကာ နှစ်နိုင်ငံ အပစ်ရပ်စဲပြီး အမေရိကန်နှင့်ဆက်လက် ကုန်သွယ်မှုပြုကြမည်ဟု ခြိမ်းခြောက်သည့်သဘောလည်း ပြောဆိုခဲ့ရာ ထိုင်းဝန်ကြီးချုပ် အနုတင်က ကမ္ဘောဒီးယားဘက်မှ အသစ်ခင်းနေသော မြေမြှုပ်မိုင်းများ က လမ်းဘေးဖြစ်ရပ်မဟုတ်ကြောင်းနှင့် ရန်စတိုက်ခိုက်သည်မှာ ကမ္ဘောဒီးယားသာဖြစ်သောကြောင့် ထိုင်းဘက်မှ လက်စားချေးပြီး ခုခံတိုက်ခိုက်ခြင်းသာဖြစ်သည်ဟု ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်သွားခဲ့သည်။
ယခုအခြေအနေကြောင့် ယူကရိန်းစစ်ပွဲကိုပါ မရပ်တန့်နိုင်သေးဘဲ ကိုယ့်ကိုယ်ကိုယ် ဒုတိယသမ္မတ သက်တမ်းအတွင်း စစ်ပွဲကြီး ၈ ခုအား ရပ်တန့်ကာ ငြိမ်းချမ်းရေးရစေခဲ့သဖြင့် ငြိမ်းချမ်းရေး နိုဘယ်ဆု ရသင့်သည်ဟု ကြွေးကျော်ခဲ့သော ဒေါ်နယ်ထရမ့်အတွက် မျက်နှာ ပျက်စရာဖြစ်ရပြန်သည်။
ကိုကလင်း
Ref: Bangkokpost & Thesun
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#ငြိမ်းချမ်းရေး
#ဒေါ်နယ်ထရမ့်
#နယ်စပ်စစ်ပွဲ








