တရုတ်နိုင်ငံမှ ဆန္ဒပြ စက်ရုံလုပ်သားများ မြန်မာပြည် ပြန်ပို့ခံရ
မဲခေါင်၊ မတ် ၇
တရုတ်နိုင်ငံ၊ လျန်ခေါ်၊ မန်စီ၊ ရွှေလီမြို့များရှိ စက်ရုံများမှ ဆန္ဒပြသည့် မြန်မာနိုင်ငံသားလုပ်သားများကို တရုတ်နိုင်ငံက ဝင်ခွင့် ၆ နှစ်ပိတ်ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့နေကြောင်း မူဆယ်ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာနိုင်ငံသား ၅၀၀ ကျော်ကို ရွှေလီ ကြယ်ဂေါင်မှ တဆင့်ပြန်လည်ပို့ဆောင်နေကြောင်း သိရသည်။
“တရုတ်ဘက်ကနေ မြန်မာဘက်ကိုစာရင်းပို့ပါတယ်။ မြန်မာဘက်ကနေ စာရင်းလက်ခံပီးမှ မြန်မာဘက်က လက်ခံပြီဆိုမှ ပြန်ပို့ပေးတာပါ။ ရက်ကြာ မကြာက မြန်မာဘက်က လက်ခံစာပေါ်မူတည်ပါတယ်” ဟု မူဆယ်ဒေသခံတစ်ဦးက ပြောသည်။
မြန်မာဘက်မှ နယ်စပ်ဖြတ်ကျော် ယာယီတပတ်ကတ်ဖြင့် အလုပ်လုပ်သွားကြသူများအနေဖြင့် စက်ရုံများတွင် အချိန်ပိုများ နေ့စဥ်ရက်ဆက်ခိုင်းခြင်း၊ ပင်ပန်းပြီး အနားမရသည့်အပြင် ဆေးကုသခွင့်မရကြသဖြင့် ယခုလို ဆန္ဒပြခြင်းများ၊ ထွက်ပြေးခြင်းများ ဖြစ်ပွားနေရကြောင်း သိရသည်။
“ပြောတော့ တစ်ရက် ၁၂ နာရီလို့ပြောတာ ခုကနားချိန်ကိုမရှိသလောက်ဖြစ်လာတာ၊ ဆေးကုခွင့်လည်းမရှိတော့ လူတွေလည်းမခံနိုင်ကြတော့ဘူး၊ ဆန္ဒပြရင် ပြန်ပို့ခံရမယ်မှန်းသိကြပေမယ့် လုပ်ကြတော့တာ၊ ဒါမှမဟုတ် အလုပ်ကပြေးရင်ပြေး၊ အနှိပ်ခန်းဘက်ပြောင်းချင်ပြောင်း၊ တရုတ်မယားလုပ်ချင်လုပ် အဲလိုဖြစ်နေကြတာ” ဟု မူဆယ် လူမှုကူညီသူတစ်ဦးက ပြောသည်။
စက်ရုံအလုပ်ချိန်မှာ မနက် ၇ နာရီမှ ၁၂ နာရီ၊ နေ့ လယ် ၁ နာရီမှ ညနေ ၆ နာရီ၊ ည ၇ နာရီမှ ည ၁၀ နာရီခွဲအထိ ပုံမှန်ဖြစ်သော်လည်း တစ်ပတ်တွင် ၄ရက်ခန့်မှာ မနက် ၃ နာရီအထိ အချိန်ပိုလုပ်နေကြရကြောင်း သိရသည်။
“အရင်က တပတ်ကတ်သမားတွေက စက်ရုံပြောင်းခွင့်မရှိဘူး၊ အခုနောက်ပိုင်း သူဌေးငွေမကြေသေးတဲ့သူတွေတော့ အလုပ် ၄၊ ၅ခါပြောင်းဖို့ ညှိလုပ်နေကြတာရှိတယ်၊ ပွဲစားအပေါ်မူတည်တာပေါ့၊ ဆန္ဒပြထိန်းမရသူတွေကိုတော့ဝင်ခွင့်ပိတ်ချပြီးပြန်ပို့တယ်” ဟု လူမှုကူညီသူတစ်ဦးက ပြောသည်။
မြန်မာဘက်မှ လူရှာ လူစုပေးသူ ပွဲစားသို့ လုပ်သားတစ်ဦးလျှင် ယွမ် ၄၀၀၀ ပေးရသည့်အပြင် ကုန်ကျစရိတ်ကျေရန်အတွက် အနည်းဆုံး ၆ လခန့် လုပ်ပေးကြရသည်ဟု ဆိုသည်။
“ရတာက တစ်လ ယွမ် ၁၂၀၀ အလွန်ဆုံး၊ ၆ လကျော် ငွေရမယ်ဆိုပေမယ့် အလုပ်ချိန်ကများပြီးပင်ပန်း မနားရ၊ ဆေးမကုရဆိုတော့ လူတွေထွက်ပြေးကြတာ၊ တိုက်ပေါ်ကခုန်ချလို့ ခါးကျိုးတဲ့လူတွေလည်းရှိတယ်၊ အကြံပြုရရင်တော့ မလာကြပါနဲ့လို့ပြောချင်တယ်”ဟု လူမှုကူညီသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် လအတွင်းက တိုက်ပေါ်ခုန်ချထွက်ပြေးသူ ၃ဦး ခါးကျိုးသဖြင့် ရွှေလီဆေးရုံတွင် ကုသနေရပြီး ထွက်ပြေးသူအချို့လည်း တရုတ်ရဲစခန်းတွင်အဖမ်းခံကာ မြန်မာပြည်ပြန်ရရေး စောင့်ဆိုင်းနေကြရကြောင်း သိရသည်။
လက်ရှိတွင် မြန်မာပြည်မူဆယ်မှ တရုတ်နိုင်ငံ၊ ရွှေလီသို့ အလုပ်ခန့်စာပါသည့် ယာယီနယ်စပ်ဖြတ်ကူးလက်မှတ် တစ်ပတ်ကတ်ဖြင့်ဝင်ရောက်သူ လူဦးရေ ၁၀၀ ခန့်ကိုသာ တရုတ်ဘက်မှ လက်ခံဝင်ခွင့်ပေးနေသဖြင့် မူဆယ်တွင် တရုတ်ဘက်အလုပ်ရရန် စောင့်ဆိုင်းနေသူ လူဦးရေရာချီမှာ လကြာ စောင့်ဆိုင်း ဒုက္ခရောက်နေကြကြောင်း သိရသည်။
မဟာ
#MeKongNews
ပုံစာ- တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ပြန်ဝင်ကြမည့်သူများအား တွေ့ရစဥ် (ပုံဟောင်းဖြစ်သည်)
Photos – ဟိန်းနိုင် (မန္တလေး)









