မဲခေါင်၊ ဇန်နဝါရီ ၂၃
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ကင်းပုန်းဝပ်တဲ့ ပျူစောထီးတွေနဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရတယ်လို့ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ ၂၁ ရက်က စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ကား ၅ စီးပါ ယာဉ်တန်းကို၂ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ကင်းပုန်းလာဝပ်တဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြိုင်-ပကဖ ကဆိုပါတယ်။
ဇန်နဝါရီ ၂၁ ရက်က ပခုက္ကူဘက်မှ မြိုင်ဘက်သို့ မောင်းနှင်လာတဲ့ စစ်ယာဉ်တန်းကို တွင်းမရွာ အနီးမှာ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အရာရှိ တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး သရက်ကန် ကျူစောထီးစခန်းနဲ့ ကိုင်းတောမ စခန်းအကြားမှာ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ တပ်သား ၂ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့တာလို့ မြိုင်-ပကဖ မှ သိရပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ ၂၂ ရက် မနေ့ကလည်း တွင်းမရွာအနီး ကင်းပုန်းဝပ်ဖို့ လာတဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ အီနာဂါဗုံးသီးချ တိုက်ခိုက်ရာ ၂ ဦး ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၂၁ ရက်နေ့မှာပဲ စစ်ကောင်စီမှ ဗဟင်း တိုက်နယ်ဆေးရုံကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ အတွက် လက်တုံ့ပြန် တိုက်ခိုက်တဲ့ အနေနဲ့ မြိုင်-ပကဖ ပူးပေါင်းအဖွဲ့တွေ မြိုင်မြို့နယ်၊ ကန်နီပျူစောထီး စခန်းကို လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။
MK-003