မဲခေါင်၊ ဖေဖော်ဝါရီ ၂
မြန်မာ့အရေးကို ဂျပန်အစိုးရ အနေနဲ့ ဖိအားပေး ဆောင်ရွက်နိုင်ဖို့ ဂျပန်အထက် လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ် ၅၆ ဦးက လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ တောင်းဆိုလွှာ အပါအဝင် ကျန်တောင်းဆိုလွှာတွေကို ဂျပန် နိုင်ငံခြားရေးဝန်ကြီးထံ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာ-ဂျပန် လူမျိုးတွေ လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ လက်မှတ်တွေ အပြင် ဂျပန်ရောက် မြန်မာလူမျိုး တွေကို ကိုယ်စားပြုတဲ့ သဘောထား ထုတ်ပြန်ချက် အသီးသီးကို ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီးထံ ပေးအပ်ခဲ့ပြီး အသေအချာ အကောင်အထည်ဖော်ပေးဖို့ လေးလေးနက်နက် တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့ အစိုးရထံမှ လက်နက်အားကိုးနဲ့ စစ်တပ်မှ အာဏာလုယူမှု ၂ နှစ်ပြည့်နေ့မှာ ဂျပန်နိုင်ငံ လွှတ်တော် အဆောက်အုံ အတွင်း မြန်မာ့အရေး ကြားနာပွဲ တရပ်ကို မနေ့က ပြုလုပ်ခဲ့တာပါ။
အဲဒီ ကြားနာပွဲသို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး တက်ရောက်ခဲ့ပြီး လွှတ်တော်အမတ်တွေ၊ ဂျပန် သတင်းဌာနတွေ၊ မြန်မာ့အရေး အားပေးထောက်ခံတဲ့ ဂျပန် အသိပညာရှင် အတတ်ပညာရှင်တွေနဲ့ ဂျပန်ရောက် နွေဦးတော်လှန်ရေး အင်အားစုတွေ တက်ရောက်ကာ ၂ နှစ်တာကာလ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ရှင်းလင်းကာ စစ်ကောင်စီရဲ့ တရားမဝင်မှုကို ပြသခဲ့တာပါ။
ဂျပန်နိုင်ငံ ဆိုင်ရာ ဆွီဒင်သံရုံးမှ ပထမ အတွင်းဝန်၊ အမေရိကန်မှ နိုင်ငံရေး သုတေသန ပြုလုပ်နေသူနဲ့ ထောက်ပံ့ကူညီရေး လုပ်ဆောင်နေသူ၊ ဂျပန်တတ်သိ ပညာရှင်တွေနဲ့ ဂျပန် အဖွဲ့အစည်း အသီးသီးက ဝန်းရံအားပေးကာ မြန်မာပြည်သူတွေနဲ့ ထပ်တူရှိတာကို ပြသခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီပွဲမှာ ဂျပန် ဒုနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုမှုတွေကို သုံးသပ်ပါက ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပေါ်လစီ ပြောင်းလဲလာပြီလို့ ယူဆကြောင်း NUG Support Team Japan က ပြောပါတယ်။
ဒီကြားနာပွဲကို ဂျပန်ရောက် မြန်မာလူမျိုးတွေရဲ့ ဝန်းရံကူညီမှုနဲ့ မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံအားပေးတဲ့ လွှတ်တော်အမတ်များ သမဂ္ဂနဲ့တူ NUG Japan ကိုယ်စားလှယ်ရုံးမှ ဦးဆောင် ပူးပေါင်း ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
MK-003
#MeKongNews
#ဂျပန်အစိုးရ
#နွေဦးတော်လှန်ရေး
#NUG