မဲခေါင်၊ ဧပြီ ၂၆
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်းပြည်နယ်၊ တပ်မဟာ (၄) စစ်ဒေသ၊ ရွှေလီခရိုင်၊ နမ္မတူမြို့နယ်၊ နမ့်တောင်ကုန်းအုပ်စု၊ ပန်သပြေကျေးရွာမှာ တအာင်း သံဃာတော်တွေနဲ့ တအာင်း စာပေယဉ်ကျေးမှုအဖွဲ့တို့ ပူးပေါင်းပြီး တအာင်းရုံးသုံးစာ သင်တန်း ဖွင့်လှစ်နေတယ်လို့ PSLF/ TNLA သတင်းနဲ့ပြန်ကြားရေးက ဒီနေ့ ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်၊ မနက်ပိုင်းက သင်တန်းဖွင့်ပွဲ ကျင်းပရာ တအာင်း သံဃာတော် ၅ ပါး၊ နမ္မတူမြို့နယ် တအာင်း စာပေ တာဝန်ရှိသူ ၁၀ ဦး၊ နမ္မတူမြို့နယ် အုပ်ချုပ်ရေးဌာန တာဝန်ရှိသူ ၅ ဦး၊ ဖုင်ပနောဘေဲလူမ် တအာင်း ၃ ဦးနဲ့ ရပ်မိ ရပ်ဖ ၃၀ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
တအာင်းရုံးသုံးစာ သင်တန်းကို ၄၅ ရက်ကြာ ပြုလုပ်မှာဖြစ်ပြီး ရဟန်း၊ သာမဏေ ၁၅ ပါး၊ သင်တန်းသား ၂၃ ယောက်နဲ့ သင်တန်းသူ ၁၃ ယောက် စုစုပေါင်း ၅၆ ဦး ကို ပန်သပြေကျောင်းတိုက်မှာ သင်ကြားပေးနေတယ်လို့ သိရပါတယ်။
တအာင်းလူမျိုးတိုင်း မိမိစာပေ ယဉ်ကျေးမှုကို ချစ်မြတ်နိုးပြီး တအာင်းရုံးသုံးစာကို လက်တွေ့ အသုံးပြုနိုင်ရမယ်လို့ တအာင်းရုံးသုံးစာ ဖြစ်မြောက်ရေး ကော်မတီက ဆိုထားပါတယ်။
MK-009