မဲခေါင်၊ ဇန်နဝါရီလ၃၀
မြန်မာ-တရုတ်နှစ်နိုင်ငံ ဂိတ်တွေဖြစ်တဲ့ နန်းတော်ဂိတ်နဲ့ ဆင်ဖြူဂိတ်ကို ကန့်သတ်ချက်တွေနဲ့ ခွင့်ပြုခဲ့တဲ့ အပေါ် အသုံးချကာ လိမ်လည်မှုတွေ ပြုလုပ်နေတယ်လို့ နယ်စပ်ကုန်သည်တွေနဲ့ ဒေသခံတွေက ဆိုပါတယ်။
နန်းတော်ဂိတ်နဲ့ဆင်ဖြူဂိတ်ကို ဇန်နဝါရီလ ၂၅ ရက်နေ့ကစပြီး လူအဝင်အထွက် ပြန်လည်ခွင့်ပြုခဲ့ရာမှာ မူဆယ်မြို့နယ်အတွင်းမှာ အိမ်ထောင်စုဇယားရှိသူတွေကိုသာ ဖြတ်သန်းခွင့်ပေးတယ်လို့ မူဆယ်နယ်စပ်ကုန်သည်တွေက ဆိုပါတယ်။
မူဆယ်မြို့ မှတ်ပုံတင်ကိုင်ဆောင်ထားသည့်တိုင်အောင် မူဆယ် အိမ်ထောင်စုစာရင်း မလုပ်ထားရင် ဝင်ခွင့်မပေးဘူးလို့လည်း သိရပါတယ်။
မူဆယ်နယ်စပ်ဆန်စပါး ကုန်စည်ဒိုင်တာဝန်ရှိသူတစ်ဦးက “မူဆယ်အိမ်ထောင်စုစာရင်းရှိတဲ့သူပဲ အဝင်အထွက်ပေးလုပ်တယ်၊ ခရိုင်လ.ဝ.ကရုံးမှာ ထောက်ခံစာယူ ရတယ် အဲဒါမှ စာအုပ်နီ ပြုလုပ်ခွင့်ပေးတာ၊တရားဝင်စာအုပ်နီပြုလုပ်ခကို မြန်မာငွေ ၅၀၀သတ်မှတ်ထားတယ်”လို့ ဆိုပါတယ်။
အဲဒီလို ကန့်သတ်ထားတာကြောင့် ဝင်ခွင့်မရတဲ့သူတွေကို အဲဒီနယ်စပ်ဂိတ်တွေကနေ ဖြတ်သန်းခွင့်ရဖို့ လုပ်ပေးတယ်လို့ဆိုကာ ငွေကျပ် သိန်းချီပြီး လိမ်လည်တာတွေကို ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“အခုပွဲစားတွေကလုပ်စားနေတာ၊ ၅သိန်းပေးရင်ဝင်လို့ရတယ်ဆိုပြီး၊ တကယ်ကသူတို့သတ်မှတ်ချက်နဲ့ ကိုက်ညီရင် ၅ထောင်လောက်ပဲကုန်တယ်”လို့ ဒေသခံ ကုန်သည်တစ်ဦးက ဆိုပါတယ်။
ဒီလိုလိမ်လည်ခံရသူ အများစုဟာ တရုတ်နိုင်ငံကို အလုပ်လုပ်ဖို့အတွက် သွားရောက်လိုသူအများစု ဖြစ်ကြောင်းလည်း သိရပါတယ်။
အဲဒီဂိတ်တွေကို ကိုဗစ်စတင်ဖြစ်ပွားတဲ့အချိန်က စပြီး၃နှစ်ကျော်ကြာ ပိတ်ထားခဲ့ပြီး လက်တလောမှာ မူဆယ် အိမ်ထောင်စုဇယားမရှိသူတွေကို မလုပ်ပေးသေးဘူးလို့ ဒေသခံကုန်သည် အသင်းတွေထံက သိရပါတယ်။
“ ၂နိုင်ငံထုတ်ပြန်ချက်တွေကို မျက်ခြေမပြတ်စောင့်ကြည့်သင့်တယ်၊ ၊ လူအဝင်အထွက်ကိစ္စ မကြေညာ ခင်ကဆို တရုတ်နိုင်ငံအရောက်ကို သိန်း၂၀ပေးရင်ရတယ်ဆိုပြီးတောင် လိမ်လည်မှုတွေ ရှိခဲ့သေးတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
တရုတ် မြန်မာနယ်စပ်ဂိတ်တွေကို တရုတ်ဘက်က၂၀၂၃ခုနှစ် ဇန်နဝါရီလ၈ရက်နေ့က စတင်ဖွင့်လှစ် ပေးခဲ့ပေမယ့်၊ မြန်မာဘက်ခြမ်းကတော့ ဇန်နဝါရီလ၁၇ရက်နေ့မှသာ ဖွင့်လှစ်ပေးခဲ့ပြီး ယနေ့အထိ အကန့်အသတ်တွေ ရှိနေဆဲဖြစ်ပါတယ်။
ကန့်သတ်ချက်တွေကို အပြည့်အဝ မဖြေလျော့သေးတဲ့အတွက် ပြည်နယ်နဲ့ တိုင်းအသီးသီးကနေ တရုတ် နယ်စပ်ကို လာရောက်အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအတွက် အခက်အခဲတွေ ရှိနေဆဲလို့ ဆိုပါတယ်။
MK-006