မဲခေါင်၊ အောက်တိုဘာ ၁၉
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ တောင်ကြီး-တာချီလိတ် အဝေးပြေးလမ်းမပေါ်ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး (ပတ်စပို့ရုံး) ဝန်ထမ်းတွေက ပိုက်ဆံမပေးသူတွေကို ပညာပြ အချိန်ဆွဲနေလို့ ကြန့်ကြာမှုတွေ ဖြစ်နေတယ်လို့ စုံစမ်း သိရပါတယ်။
ပတ်စပို့ ကိုယ်တိုင် ပြုလုပ်သူတွေဟာ ပြည်နယ်ရုံးက စာစီစာရိုက် အမှားတွေကို မြို့နယ်ရုံးမှာ သွားပြင်နေရပြီး မြို့နယ်ရုံးတွေက ချက်ချင်း မလုပ်ပေးဘဲ တစ်ရက်ကနေ ၃ ရက်အထိ စောင့်ဆိုင်းရတယ်လို့ ဆိုပါတယ်။
ပတ်စပို့ ပြုလုပ်နေသူ တစ်ဦးက “ပတ်စပို့ ရုံးမှာ စာရင်းမကိုက်လို့ မြို့နယ်ရုံးကို သွားတယ်။ မြို့နယ်ရုံးကနေ ပြင်လာပြီးတော့ ပတ်စပို့ရုံး ပြန်သွားထပ်တော့ နောက်ထပ်အမှား တစ်ခု ထပ်တွေ့တယ်။ အဲတော့ မြို့နယ်ရုံး ပြန်သွားတော့ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ရက်ပြန်ရွှေ့ သွားတယ်။ တကယ်တမ်းဆို စာရိုက်တဲ့သူ အမှားလေ သူတာဝန်ယူရမှာ” လို့ ပြောပါတယ်။
ပတ်စပို့ရုံးက စာရိုက်ထားတဲ့ အမှားတွေကို မြို့နယ်ရုံးမှာ ၂ ကြိမ် ပြင်ဆင်ရာမှာ ၂၄ နာရီ မပြည့်ရင် ပြန်လုပ်ပေးလို့ မရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အကြိမ်ကြိမ် ရက်ရွှေ့ဆိုင်းနေတယ်လို့ သူက ဆက်ပြောပါတယ်။
အခုလို ပတ်စပို့ရုံးရဲ့ စာစီစာရိုက် အမှားတွေကြောင့် မြို့နယ်ရုံးကို အကြိမ်ကြိမ် သွားရောက် ပြင်ဆင်ရသူ တစ်ရက် အယောက် ၂၀ ကနေ ၃၀ ဝန်းကျင်ရှိပြီး ရက်ရှည် စောင့်ဆိုင်းရတာကြောင့် နယ်က လာသူတွေ ကုန်ကျစရိတ် များနေတယ်လို့ သိရပါတယ်။
ပင်လောင်းမြို့ကနေ ပတ်စပို့ လာလုပ်သူ တစ်ဦးက “အဲဒီ စာရိုက်တဲ့ အမှားက တော်တော်များများ ဖြစ်တယ်။ တာဝန်ယူမှုလည်း မရှိဘူး။ ကျနော်ဆို ပင်လောင်းကနေ အချိန်ပေးပြီး တက်လာတာ ၃ ရက်ကျော်နေပြီ။ မရသေးဘူး ဆိုတော့ ရွာမှာ အလုပ်လည်း ပျက်၊ ဟိုဘက် သူဌေးက လှမ်းခေါ်တာလည်း အလျင်မမီ၊ တောင်ကြီး မှာလည်း နေစား စရိတ် အကုန်အကျများ၊ အဲလိုတွေ ဖြစ်နေတယ်” လို့ ပြောပါတယ်။
လတ်တလော ပတ်စပို့ ပွဲစားနဲ့ လုပ်ခိုင်းပါက လွယ်ကူ လျင်မြန်ပြီး ကျပ် ၃ သိန်းကနေ ၅ သိန်းအထိ စျေးပေါက်တယ်လို့ သိရပါပါတယ်။
ဒါ့အပြင် ပွဲစား ပပျောက်ဖို့ ဆိုပြီးတော့ စက်တင်ဘာလ ၂၇ ရက်ကနေ အောက်တိုဘာလ ၆ ရက်နေ့အထိ တိုကင်တွေ ချပေးကာ အောက်တိုဘာလ ၁၀ ရက် ဝန်းကျင်မှာ စတင် ပြုလုပ်ပေးခဲ့ပေမယ့် ပွဲစားတွေ ပပျောက်သွားတာ မရှိတဲ့အပြင် ပိုများလာတယ်လို့ စုံစမ်း သိရပါတယ်။
မြို့နယ် လဝကရုံးတွေနဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးဟာ ပတ်စပို့ ကိုယ်တိုင် ပြုလုပ်သူတွေကို အချိန်ဆွဲတာ၊ ချက်ချင်း မလုပ်ပေးတာတွေ ရှိပေမယ့် လာဘ်ပေးထားတဲ့ ပွဲစားတွေကိုတော့ ချက်ချင်း ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။
CJ-007
#MeKhongNews
#တောင်ကြီးမြို့
#ပတ်စပို့ရုံး
#လ၀က








