မဲခေါင်၊ အောက်တိုဘာ ၄
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်ကတ်ကျေးရွာအုပ်စု အတွင်း တိုက်ပွဲကြောင့် မူဆယ်-နမ့်ခမ်းလမ်း တုန်ခွမ်ကျေးရွာကို ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ စခန်းအတွင်း တုပ်ကွေး ကူးစက်နေတာကြောင့် အရဲစွန့် နေရပ်ပြန်နေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA တို့ တိုက်ပွဲ ပြင်းထန်မှုကြောင့် နမ့်ကတ်၊ မန်ကန်၊ မိုင်းဆတ်ကျေးရွာနေ ဒေသခံတွေ မူဆယ်-နမ့်ခမ်းလမ်းရှိ တုန်ခွမ်ကျေးရွာ၊ နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်နဲ့ ကောင်းတပ်ကျေးရွာတွေမှာ တိမ်းရှောင် နေရပါတယ်။
မူဆယ်-နမ့်ခမ်းလမ်း၊ တုန်ခွမ်ကျေးရွာထဲက စစ်ရှောင်စခန်းမှာ တုပ်ကွေးဖြစ်ပြီး ဖျားနာနေတဲ့ စစ်ရှောင် ထက်ဝက်ခန့် ရှိနေတာကြောင့် မနေ့ အောက်တိုဘာလ ၃ ရက်နေ့၊ နေ့လယ် ၂ နာရီ ဝန်းကျင်မှာ နေရပ်ကို ပြန်သွားကြတယ်လို့ စစ်ဘေးရှောင် စခန်း တာဝန်ခံ တစ်ဦးက ပြောပါတယ်။
“ရွာမှာ စစ်ရေးတင်းမာနေတုန်း ကျမတို့ ပြန်ခဲ့တယ်။ စစ်ရှောင်တွေ အကုန်လုံးနီးပါး တုပ်ကွေး မိကုန်တယ်။ တိမ်းရှောင်တဲ့ ရွာကို ခွင့်တောင်းပြီး ပြန်လာတယ်။ မပြန်လို့လည်း မရဘူးလေ၊ ဆက်နေရင် ဒီရွာက လူတွေကိုလည်း ကူးသွားမှာ” လို့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။
လက်ရှိ ၁၀ နှစ်အောက် ကလေးငယ် အများစု တုပ်ကွေး ကူးစက်ခံနေရပြီး စစ်ဘေးရှောင် စခန်းမှာ ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက် ကူညီထောက်ပံ့ပေးတဲ့ အဖွဲ့အစည်း မရှိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။
တုန်ခွမ်ရွာမှာ တိမ်းရှောင်တဲ့ နောက်ထပ် စစ်ရှောင် တစ်ဦးက “ကျမနဲ့ ကျမ ကလေးလည်း တုပ်ကွေးဖြစ်ပြီး ဖျားနာ ဗိုက်နာ နေကြတယ်။ မပြန်ဘဲနေရင် ဆေးဝါးလည်း ဘာမှမရှိဘူး။ လာကူညီပေးတဲ့ သူတွေလည်း မရှိဘူး။ ဆေးခန်းပြဖို့လည်း ကျမတို့မှာ ခက်ခဲတယ်” လို့ ဆိုပါတယ်။
နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်မှာ တိမ်းရှောင်နေတဲ့ မန်ကန်ရွာခံ ၁၀၀ ဝန်းကျင်နဲ့ ကောင်းတပ်ကျေးရွာမှာ တိမ်းရှောင်တဲ့ မိုင်းဆတ်ရွာခဲ ၁၁၆ ဦးကတော့ နေရပ် မပြန်ကြသေးပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်က မုံးကိုးမြို့ကနေ စစ်ကား ၈ စီးနဲ့ စစ်ကြောင်းထိုးကာ မူဆယ်မြို့ကနေ ခြေလျင်နဲ့ ဂေါင်ရာရွာအနီး အင်အင်း ၃၀၀ ဝန်းကျင် ဖြည့်တင်းထားလို့ လက်ရှိ စစ်ရေးတင်းမာ နေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီခွဲ ဝန်းကျင်မှာ နမ့်ကတ်ကျေးရွာနဲ့ မိုင် ၂၀ အကွာက TNLA တပ်မဟာ (၁) ဌာနချုပ်ရဲ့ အဝေးကင်းဖြစ်တဲ့ လွယ်မောက်တောင် တပ်စခန်းကို စစ်ကောစီတပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
CJ-014
#MeKongNews
#မူဆယ်မြို့နယ်
#စစ်ဘေးရှောင်
#TNLA








