မဲခေါင်၊ အောက်တိုဘာ ၄
နိုင်ငံပေါင်း ၁၂၃ နိုင်ငံမှာ အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ ကလက်စ်တာဗုံးကို စစ်ကောင်စီတပ်က ၁၅ ရက်အတွင်း ၂၃ ကြိမ်ထက်မနည်း အသုံးပြု တိုက်ခိုက်ခဲ့လို့ ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ KNU တပ်မဟာ (၅) က မနေ့က ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ၁၅ ရက် အတွင်း KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ မူတြော်ခရိုင် အတွင်းက တိုက်ပွဲတွေမှာသာမက ပြည်သူတွေ နေထိုင်တဲ့ ကော်ရိုဘောထာ၊ သေသူးခီး၊ ဒေဘိုးနို၊ တာခဲဒဲ၊ ဂယ်ယူဒဲ နဲ့ ထီးက်ေထာ ကျေးရွာတွေကို ဂျက်တိုက်လေယာဥ်ပေါ်က ကလက်စ်တာဗုံး ၂၃ ကြိမ်ထက်မနည်း ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ KNU နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
“ဗုံးကြောင့် ထိတာက ထီးကော်ထာကျောင်းက ကလေး ၃ ယောက်နဲ့ ကျောင်းကော်မတီ၀င် တစ်ယောက်ရှိမယ်။ ၈ ယောက်က ဒဏ်ရာရတယ်။ အစလေးတွေ အများကြီးမှန်တာမျိုး၊ ခန္ဓာကိုယ်မှာ အပေါက်လေးတွေ ဖြစ်သွားတာမျိုးကြောင့် သွေးထွက်လွန်ပြီး အသက်ဆုံးရှုံးရတာမျိုးပါ” လို့ သူကရှင်းပြပါတယ်။
ကလက်စ်တာဗုံးကို လက်နက်ကြီး အတွင်း ထည့်သွင်းကာ မြေပြင်က ပစ်ခတ်နိုင်သလို လေယာဥ်ပေါ်က ကြဲချနိုင်ပြီး ဗုံးတစ်လုံးကနေ ဗုံးငယ် အများအပြား ကွဲထွက် ပေါက်ကွဲတဲ့ အမျိုးအစား ဖြစ်တာကြောင့် တိုက်ပွဲ နေရာတွေသာမက တခြားနေရာတွေကိုပါ ပြန့်နှံ့ကာ အရပ်သားတွေပါ ထိခိုက်သေဆုံးနိုင်တဲ့ ဗုံးအမျိုးအစား ဖြစ်ပါတယ်။
ဒီလို သက်ရောက်မှုတွေကြောင့် ရုရှားနဲ့ ယူကရိန်းက လွဲပြီး ဥရောပ အင်အားကြီး နိုင်ငံ အများစုက ကလက်စ်တာဗုံးနဲ့ ဆက်စပ်ပစ္စည်းတွေ အသုံးပြုခွင့်၊ သိုလှောင် ထုတ်လုပ်ခွင့် ပိတ်ပင်တဲ့ သဘောတူ စာချုပ် (Convention on Cluster Munitions) ကို ၂၀၀၈ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ အတည်ပြု ပိတ်ပင်ခဲ့ပါတယ်။
နိုင်ငံပေါင်း ၁၂၃ နိုင်ငံ သဘောတူ လက်မှတ် ရေးထိုးထားတဲ့ အဆိုပါ စာချုပ်မှာ မြန်မာနိုင်ငံ အနေနဲ့ ပါ၀င် လက်မှတ်ရေးထိုးထားတာတော့ မရှိပါဘူး။
ကလက်စ်တာဗုံး ထုတ်လုပ် အသုံးပြုမှုကို စစ်ကောင်စီက ငြင်းဆိုနေပေမဲ့ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) မှာ ဆယ်စုနှစ် တစ်ခုကျော်ကြာ တာ၀န်ထမ်းဆောင်ခဲ့တဲ့ CDM ဗိုလ်ကြီးဇင်ယော် ကတော့ မြန်မာစစ်တပ်ဟာ ၂၀၁၂ ခုနှစ်က ကလက်စ်တာဗုံး ထုတ်လုပ်နိုင်ဖို့ ကြိုးစားခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ စတင်ထုတ်လုပ်နိုင် ခဲ့တယ်လို့ အင်တာဗျူး တစ်ခုမှာ ပြောဆိုထားပါတယ်။
ကမ္ဘာတဝန်း ကလပ်စ်တာဗုံး ပိတ်ပင်တားမြစ်ရေး လှုံ့ဆော်နေတဲ့ အရပ်ဘက် အဖွဲ့တွေ စုပေါင်းထားတဲ့ ‘ထပ်ဆင့်ပေါက်ကွဲ လက်နက်ပစ္စည်းများ ညွန့်ပေါင်းအဖွဲ့ (CMC)’ ရဲ့ အစီရင်ခံစာမှာတော့ စစ်ကောင်စီက ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် နဲ့ ကရင်နီပြည်နယ်တွေမှာ ကလပ်စ်တာဗုံး အသုံးပြုတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ဓာတ်ပုံ မှတ်တမ်းတွေနဲ့ ထုတ်ပြန်ထားပါတယ်။
ဒီဓာတ်ပုံ မှတ်တမ်းတွေအရ ကပစ က ထုတ်လုပ်တဲ့ ပုံစံ တွေ့ရပေမဲ့ ဘယ်စက်ရုံက ထုတ်တယ်ဆိုတဲ့ အမှတ်အသားကို ကြွင်းကျန် ဗုံးစတွေမှာ မတွေ့ရတာကြောင့် ခန့်မှန်းဖို့ ခက်တယ်လို့ လေတပ် CDM အရာရှိ တစ်ဦးက မှတ်ချက်ပြု ပြောဆိုထားပါတယ်။
MK-007
#MeKongNews
#ကလက်စ်တာဗုံး
#KNU
#CDM








