မဲခေါင်၊ အောက်တိုဘာ ၂
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ကိုးကန့်(MNDAA) တပ်ဖွဲ့ဝင် ၂၈ ဦး လက်နက်ချတယ် ဆိုတဲ့ သတင်းဟာ စစ်ကောင်စီက လုပ်ကြံ ဖန်တီးထားတဲ့ သတင်းတု သတင်းမှားသာ ဖြစ်တယ်လို့ MNDAA က ဒီကနေ့မှာ တုံ့ပြန် လိုက်ပါတယ်။
အဲ့ဒီ လုပ်ကြံ သတင်းကို စစ်ကောင်စီနဲ့ ကိုးကန့်ပြည်သူ့စစ်အဖွဲ့က MNDAA တပ်တွင်း တည်ငြိမ်မှု မရှိစေဖို့ ရည်ရွယ် တိုက်ခိုက်တဲ့ သတင်းတုသာ ဖြစ်တယ်လို့ MNDAA ကပြောပါတယ်။
“ဒါဟာ အာဏာသိမ်းအဖွဲ့နဲ့ ကိုးကန့်အစိုးရ အတုအယောင်အဖွဲ့ရဲ့ ပူးပေါင်းပါဝင်မှုရှိတဲ့ နိုင်ငံရေး ပြသမှု တစ်ခုပါပဲ။ ဒီလို လွဲမှားတဲ့ ရည်ရွယ်ချက်တွေဟာ အဓိက ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေရဲ့ တည်ငြိမ်မှုကို တုန်လှုပ်စေရန် ဖြစ်တယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်တာ ကာလတွင် ဆွေမျိုးများထံ သွားရောက် လည်ပတ်ပြီးနောက် တပ်မတော်မှ ထွက်ခွာသွားသည်မှာ ကျွန်ုပ်တို့ တပ်မတော်ထဲတွင် ရှိခဲ့သည်မှာ ငြင်းမရနိုင်ပါ။ သို့သော် အဖွဲ့လိုက် လက်နက်ချ အလင်းဝင်မှု မရှိခဲ့ပါ” လို့ MNDAA ပြောရေးဆိုခွင့်ရှိသူ Li Tianfu က ပြောပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းတွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်မှာ MNDAA တပ်ဖွဲ့ဝင် ၂၈ ဦး လက်နက် ခဲယမ်းတွေနဲ့ တကွ လက်နက်ချလာလို့ လောက်ကိုင်မြို့ရှိ နယ်မြေခံတပ်နယ် ခန်းမမှာ ကြိုဆိုပွဲ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ပြီးတဲ့နောက် MNDAA ဘက်က အခုလို ပြန်လည် တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လုပ်ကြံသတင်းမှာ ပြသထားတဲ့ လက်နက်တွေဟာ MNDAA တပ်ဖွဲ့၀င်တွေ ကိုင်ဆောင်တဲ့ လက်နက်တွေ မဟုတ်ဘူးလို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“MNDA တပ်ဖွဲ့ဝင်မှ လက်နက်ချခြင်း သို့မဟုတ် သစ္စာဖောက်ခြင်း မဟုတ်ပါ။ ဆင်းရဲဒုက္ခကို ကြောက်ရွံ့ပြီး စစ်ပြေးသူ အနည်းစုရှိသော်လည်း လက်နက်ကိုင်ဆောင်ပြီး မပြေးကြပေ” လို့ MDAA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒါပေမယ့် တပ်ဖွဲ့ဝင် တချို့ ခွင့်နဲ့ အိမ်ပြန်တဲ့ အချိန်တွေမှာ စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်က အနိုင်ကျင့် နှိပ်စက်မှာ ကြောက်လို့ မိသားစုဝင်တွေက သူတို့ရဲ့ သားသမီးတွေကို ကိုးကန့်ပြည်သူ့စစ် တပ်ဖွဲ့ထဲ ဝင်ရောက်ဖို့ လွှဲပေးတာတော့ ရှိတယ်လို့ သူကပြောပါတယ်။
လက်ရှိ စစ်ကောင်စီဟာ တနိုင်ငံလုံးရဲ့ တော်လှန်မှုကို ရင်ဆိုင်နေရသလို စစ်ကောင်စီ လက်အောက်ခံ ကိုးကန့် အစိုးရ အတုအယောင် ကလည်း ကျားဖြန့် လိမ်လည်မှု ရာဇဝတ်မှုများနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် နှိမ်နှင်းဖို့ တရုတ်နိုင်ငံရဲ့ ဖိအားကို ရင်ဆိုင်နေရလို့ အဲ့ဒီ ကျားဖြန့်လိမ်လည်တဲ့ လုပ်ငန်းက လူတွေကို အတင်းအဓမ္မခေါ်ပြီး MNDAA က လက်နက်ချသယောင် အတုအယောင်ပွဲ ပြုလုပ်ခဲ့တာလို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိနဲ့ MNDAA ဂုဏ်သိက္ခာကျအောင် ပြုလုပ်တာ ဖြစ်ပေမယ့် တော်လှန်ရေးကို ထိခိုက်မှာ မဟုတ်ဘူးလို့ MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
CJ002
#MekongNews
#MNDAA
#ပြည်သူ့စစ်
#ဝါဒဖြန့်








