မဲခေါင်၊ စက်တင်ဘာ ၁၃
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၃၁) က ၁၂၀ မမ အမြောက်နဲ့ ၁၀ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ကျေးရွာနေ ပြည်သူတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
မနေ့ စက်တင်ဘာလ ၁၂ ရက်၊ ညနေ ၅ နာရီက တိုက်ပွဲမဖြစ်ဘဲ ပစ်ခတ်ခဲ့တာဖြစ်ပြီး ရွာထဲ လူနေအိမ်တွေ ထိမှန်တဲ့အပြင် နွားတင်းကုတ်ပေါ် ကျရောက် ပေါက်ကွဲလို့ နွား ၃ ကောင် ထိမှန်ပြီး တစ်ကောင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
“တစ်ကောင်ကတော့ ပွဲချင်းပြီးတယ်လို့ ကြားတယ်။ ၂ ကောင်ကလည်း ဒဏ်ရာ တော်တော်ပြင်းတယ်။ အိမ်တွေ တအားထိသွားတာတော့ မရှိပေမယ့် အစမှန်တော့ ကျည်ပေါက်ရာတွေ ဖြစ်ကုန်တယ်” လို့ ကျေးရွာနေ အမျိုးသား တစ်ဦးက ပြောပါတယ်။
စစ်တပ်က အမြောက်နဲ့ ၁၀ ကြိမ် ပစ်ခတ်ရာမှာ ကျည် ၄ လုံး ကျေးရွာတွေထဲ ကျရောက် ပေါက်ကွဲလို့ ရွာခံတွေ ထိတ်လန့် ကြောက်ရွံ့ပြီး စစ်ဘေးရှောင် နေရတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကလည်း ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီတပ်က လူနေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးပြီး ဒရုန်းနဲ့ ဗုံးကြဲလို့ လူနေအိမ် တစ်လုံးနဲ့ ခရစ်ယာန် ဘုရားကျောင်း ပျက်စီးတဲ့အပြင် ကလေးငယ် ၃ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့က စတင်ကာ ဒီကနေ့အထိ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စု လမ်းမကြီး တစ်လျှောက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ အကြမ်းဖက်မှုတွေ ဆက်တိုက် ကျူးလွန်နေတာကြောင့် ကျေးရွာ အများစုမှာ နေထိုင်သူတွေ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
CJ-007
#MekongNews
#ဖရူဆိုမြို့နယ်
#ခမရ(၅၃၁)
#၁၂၀_မမ










