မဲခေါင်၊ စက်တင်ဘာ ၆
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ် – မြန်မာ နယ်စပ် မူဆယ်မြို့ ဆင်ဖြူဂိတ်မှာ ဒီကနေ့ တရုတ်ဘက်ဝင်ဖို့ လူထောင်ချီ တန်းစီနေပြီး အမျိုးသား တစ်ဦး မူးလဲလို့ ခေါင်းပေါက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မူးလဲပြီးတော့ ခေါင်းနည်းနည်းပေါက်သွားတာပေါ့။ ဘယ်ဘက် နည်းနည်းထိသွားတယ်။ နားရွက်ဘက်တွေ” လို့ မေတ္တာ ပန်းခင်း ပရဟိတ လူငယ် အဖွဲ့ က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဒီကနေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်က V8 KTV အနီး နေပူထဲ တန်းစီနေတဲ့ အမျိုးသား တစ်ဦး မူးလဲသွားတယ်လို့ ပြည်သူ တစ်ဦးက အကြောင်းကြားလာလို့ ဆေးရုံသို့ ကူညီ ပို့ဆောင်ခဲ့တယ်လို့ သူကပြောပါတယ်။
“ထောင်ချီတောင် ရှိလောက်တယ်ဗျ” လို့ ဒီကနေ့ တရုတ်ဘက်၀င်ဖို့ တန်းစီနေတဲ့ လူအုပ်စု အခြေအနေကို သူက ရှင်းပြပါတယ်။
ယခုရက်ပိုင်း ဆင်ဖြူဂိတ်ကနေ တခါသုံးကတ် လုပ်ပြီး တရုတ်ဘက် ၀င်မဲ့သူတွေနဲ့ စာအုပ်အနီနဲ့ ဝင်မယ့်သူတွေ အများအပြား ရှိနေပြီး ညအိပ် တန်းစီနေသူတွေလည်း ရှိနေတယ်လို့ သူကဆိုပါတယ်။
လက်ရှိ တန်းစီသူ များပြားလွန်းတာနဲ့ စောင့်ဆိုင်းချိန် ကြာမြင့်တာ၊ ရာသီဥတုက နေပူ မိုးရွာ ဖြစ်တာကြောင့် တန်းစီသူတွေ အနေနဲ့ ထီး၊ ဦးထုပ်၊ ထိုင်ခုံတွေ ယူလာသင့်တယ်လို့ ပရဟိတ အသင်း၀င်တွေက ပြောပါတယ်။
Photo-မေတ္တာပန်းခင်း လူငယ်ပရဟိတအသင်း။
CJ-008
#MeKongNews
#တရုတ်
#မူဆယ်
#ဆင်ဖြူ








