မဲခေါင်၊ စက်တင်ဘာ ၅
ကရင်နီပြည်နယ်မှာ မိုးတွင်း ကာလ စစ်ဘေးရှောင် ကလေးငယ်တွေ သွေးလွန်တုပ်ကွေး ရောဂါ အဖြစ်များ နေတယ်လို့ ကရင်နီ စစ်ရှောင် ကူညီနေသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ကရင်နီ စစ်ရှောင်တွေ အတွက် မိုးတွင်းကာလမှာ လိုအပ်တဲ့ ခြင်ထောင် အပါအ၀င် ဆေး၀ါး နဲ့ရိက္ခာ မလုံလောက်မှု၊ စစ်ရှောင် ကလေးငယ်တွေ တောတွင်း အကာအကွယ်မဲ့ အိပ်စက်နေရမှုတွေကြောင့် ခြင်ကိုက်ခံရပြီး သွေးလွန်တုပ်ကွေး ရောဂါတွေ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။
“စစ်ကောင်စီ ဗုံးလာကြဲလို့ တောထဲမှာ တစ်ခါတစ်လေ နေရာရွှေ့ပြောင်းရရင် ဘာအမိုးအကာမှ မပါဘူးလေ။ ဒီတိုင်းအိပ်ရတော့ တောတွင်း ခြင်တွေက သွေးလွန်တုပ်ကွေး ဖြစ်စေတယ်။ လူကြီးတွေက ခံနိုင်ပေမဲ့ ကလေးတွေကျတော့ ရောဂါ ပိုခံရတာပေါ့” လို့ သူကရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လလယ် မိုးနှောင်းကာလကစပြီး စစ်ရှောင်စခန်း အများစုက ကလေးငယ်တွေ သွေးလွန်တုပ်ကွေး ရောဂါ အဖြစ်များနေပြီး ကုသဖို့ ဆေး၀ါး မလုံလောက်မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ရှောင်တွေ အတွက် အခြေခံ စားနပ်ရိက္ခာ၊ ဆေး၀ါးအပြင် နေထိုင်ဖို့ မိုးကာစတွေ၊ ခြင်ထောင်တွေ လိုအပ်နေပေမဲ့ ရန်ပုံငွေ အခက်အခဲကြောင့် စားနပ်ရိက္ခာ မပြတ်ရေးကိုသာ ကြိုးပမ်းနေရလို့ အခုလို ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကာအကွယ် ပစ္စည်းတွေ မထောက်ပံ့နိုင်တာလို့ ဆိုပါတယ်။
စစ်ရှောင် အများစုဟာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် တောတွင်းမှာသာ နေထိုင်နေရပြီး ကရင်နီပြည်နယ် တစ်ခုလုံးနီးပါး စစ်ရှောင်နေရတာ၊ အလှူရှင် နည်းပါးလို့ ရန်ပုံငွေ နည်းပါးလာတာကြောင့် စစ်ရှောင် ကူညီနေသူတွေ အတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။
“အဓိက လိုအပ်တာက ရန်ပုံငွေပဲ။ အခုက ပစ္စည်းတွေက ဈေးမတရားတက်လာတာလေ။ ပြီးတော့ စစ်ကောင်စီကလည်း ကန့်သတ်လာတာတွေရှိတယ်။ ဒီအတွက်လည်း ဖြေရှင်းရတာတွေရှိတယ်။ ရှင်းရှင်းပြောရင် ပိုက်ဆံမရှိတော့ လိုအပ်နေမှန်း သိပေမဲ့လည်း ပိုအရေးကြီးတဲ့ ရိက္ခာပိုင်းကိုပဲ ဦးစားပေးရတာပေါ့ဗျာ” လို့ စစ်ရှောင် ကူညီနေသူ တစ်ဦးက ရှင်းပြပါတယ်။
ကရင်နီတော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီတို့ ၂၀၂၁ ခုနှစ် နှောင်းပိုင်းကစပြီး တိုက်ပွဲတွေ ပြင်းထန်လာရာ လူဦးရေ ၃ သိန်းကျော် နေထိုင်တဲ့ ကရင်နီပြည်နယ်မှာ လက်ရှိ စစ်ဘေးတိမ်းရှောင်နေရတဲ့ ပြည်သူ ၂ သိန်းခွဲ နီးပါးအထိ မြင့်တက်လာတာ ဖြစ်ပါတယ်။
လက်ရှိ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ မယ်စဲ့၊ ဖားဆောင်း၊ ဘောလခဲ စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်ရှောင်ဦးရေ ဆက်လက် မြင့်တက်လာနိုင်လို့ ပြည်သူတွေ အနေနဲ့ စစ်ရှောင်တွေကို ကူညီ ထောက်ပံ့ပေးကြဖို့ စစ်ရှောင် ကူညီနေသူတွေက မေတ္တာရပ်ခံ ထားပါတယ်။
MK-007
#MeKongNews
#ကရင်နီပြည်နယ်
#စစ်ဘေးရှောင်
#သွေးလွန်တုပ်ကွေး








