မဲခေါင်၊ စက်တင်ဘာ ၅
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ကြားက လမ်းတွေကို မနေ့ စက်တင်ဘာလ ၄ ရက်နေ့၊ မနက်ပိုင်းက စပြီး ကိုယ်ထူကိုယ်ထ ပြုပြင်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
အဲဒီလမ်းတွေဟာ စစ်ဘေးရှောင်စခန်းတွေကို ဆက်သွယ်ထားတာဖြစ်ပြီး ဩဂုတ်လက မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ လမ်းချော်ပြီး မတော်တဆမှုတွေ ဖြစ်လာတာကြောင့် အခုလို ပြုပြင်ရတာလို့ ဆိုပါတယ်။
လမ်းပြုပြင်ရေးမှာ ပါဝင်တဲ့ စစ်ဘေးရှောင် တစ်ဦးက “မိုးရာသီဆို လမ်းက တော်တော် ဆိုးတယ်။ ဆိုင်ကယ်ဘီးတွေ နစ်ဝင်ပြီး ရုန်းမရအောင် ဖြစ်တယ်။ ခဏခဏလည်း ဆိုင်ကယ် လဲကြတယ်။ မိုးရာသီ တစ်လျှောက်လုံး သုံးရမှာဆိုတော့ ပြင်ဖြစ်သွားတာပါ။ အလှူရှင်လည်း မရှိဘူးဆိုတော့ ဒီလိုပဲ ကိုယ်ထူကိုယ်ထ အဆင်ပြေသလို ပြင်ရတာပေါ့” လို့ ပြောပါတယ်။
ဒီးမော့ဆိုနဲ့ ဖရူဆိုမှာ ဘိလပ်မြေ တစ်အိတ်ကို ၂၀,၀၀၀ ကျပ် ဝန်းကျင်၊ ထုံးတစ်အိတ်ကို ၁၀,၀၀၀ ကျပ် ဝန်းကျင်၊ သဲကား တစ်စီးကို ၅၀,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေပြီး လွိုင်ကော်မြို့နဲ့ ၂ ဆနီးပါး ဈေးနှုန်း ကွာဟတာကြောင့် ငွေကြေး ခက်ခဲလို့ ကိုယ်ထူကိုယ်ထ စုပေါင်းလုပ်ရတာလို့ ဆိုပါတယ်။
လက်ရှိမှာ လမ်းကို သဲကြမ်း၊ ကျောက်ကြမ်း ခင်းတာ၊ မြေညှိ၊ မြေဖို့တာတွေ ပြုလုပ်နေပြီး လမ်းမပြိုအောင် ဘေး ၂ ဖက်က သစ်လုံးတွေနဲ့ ကာရံထားတယ်လို့ သိရပါတယ်။
“အလှူရှင် ပေါ်လာရင်တော့ ပိုအဆင်ပြေတာပေါ့။ ရှိတဲ့ ပစ္စည်းတွေနဲ့ ကိုယ်ထူ ကိုယ်ထ ပြင်ထားတာဆိုတော့ ဘယ်လောက် ကြာကြာခံမလဲ မသိဘူးလေနော်။ ဒီကာလက စားနပ်ရိက္ခာတွေ၊ ကျည်လက်နက်တွေပဲ အားစိုက်လှူကြတော့ ဗုံးခိုကျင်းတို့ လမ်းတို့ စခန်းတို့အတွက်က သပ်သပ်လှူတဲ့သူက မရှိကြဘူး။ ဒီအတွက် သပ်သပ်လှူတာ မဟုတ်ရင်တောင်မှ သဲတွေ ကျောက်တွေ သယ်ဖို့ ကူညီပေးကြရင် မဆိုးလောက်ဘူးပေါ့” လို့ လမ်းပြုပြင်ရေးမှာ ပါဝင်တဲ့ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။
ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ကြားက လမ်းတွေဟာ နွေရာသီနဲ့ ဆောင်းရာသီမှာ သွားလာလို့ အဆင်ပြေပေမယ့် မိုးရာသီမှာတော့ ရေတိုက်စားမှုများပြီး လမ်းပိုင်းနေရာတွေက သွားလာလို့ မရအောင် ပျက်စီးတတ်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီက တစ်ရက်တည်းမှာ ၅ ကြိမ်နဲ့အထက် လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် ဗုံးခိုကျင်း အလှူရှင်တွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက် ပေးနေသူတွေက ပြောဆိုထားပါတယ်။
CJ-007
#MeKongNews
#ဒီးမော့ဆို_ဖရူဆို
#စစ်ဘေးရှာင်
#ဗုံးခိုကျင်း








