မဲခေါင်၊ ဩဂုတ် ၃၁
ကရင်နီပြည်နယ်ထဲမှာ စစ်ဘေးရှောင်ရတဲ့ ကာလရှည်လာတာနဲ့အမျှ စစ်ဘေးရှောင် စခန်းတွေမှာ စားနပ်ရိက္ခာ မလုံလောက်မှုတွေကို လစဉ် ကြုံတွေ့လာရကြောင့် စစ်ဘေးရှောင် ပြည်သူတွေ ပူပန်သောက ရောက်နေကြတယ်လို့ ကူညီသူတွေက ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ မေလ ကတည်းက အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ကရင်နီပြည်နယ်တွင်းက တော်လှန်ရေး အင်အားစုတွေရဲ့ တိုက်ပွဲတွေကြောင့် ကရင်နီပြည်သူ အများစုဟာ စတင်ပြီး စစ်ဘေးတိမ်းရှောင် ခဲ့ကြရတာပါ။
လက်ရှိအချိန်မှာ ကုန်ဈေးနှုန်း မြင့်တက်မှုနဲ့ စစ်ဘေးရှောင် ကူညီထောက်ပံ့မှု အားနည်းလာတာကြောင့် အလှူငွေ ရရှိမှု နည်းလာပြီး စစ်ရှောင်တွေ အတွက် ရိက္ခာ မလုံလောက်မှုတွေ မကြာခဏ ဖြစ်လာရတယ်လို့ ကူညီသူတွေက ဆိုပါတယ်။
ဒါ့အပြင် ကရင်နီပြည်နယ်တွင်း ဆန်အပါအဝင် ကုန်စည် ဝင်ရောက်နိုင်တဲ့ လမ်းမကြီးတွေကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားပြီး ပြည်နယ်တွင်းက နေရာအနှံ့မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာကြောင့် ဒေသခံတွေ လယ်ယာ စိုက်ပျိုးရေး မလုပ်နိုင်ဘဲ ရိက္ခာရရှိဖို့ ခက်ခဲနေကြတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကရင်နီပြည်နယ်တွင်း ဆန်ကြမ်း တစ်အိတ်ကို ကျပ် ၈ သောင်းကနေ တစ်သိန်းဝန်းကျင်ထိ ပေးဝယ်နေရတယ်လို့ သိရပါတယ်။
ကရင်နီ တစ်ပြည်နယ်လုံးမှာ စစ်ဘေးရှောင် ၃ သိန်းဝန်းကျင် ရှိနေရာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဘောလခဲ၊ မယ်စဲ့မြို့နယ်တွေ အပါအဝင် ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံဒေသ ဘက်တွေမှာပါ စစ်ဘေးရှောင်တွေ ပြန့်ကျဲ နေထိုင်ကြရတာ ဖြစ်ပါတယ်။
စစ်ရှောင်တွေ အများစု နေထိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင် စခန်းတွေမှာတော့ ရိက္ခာပြတ်လပ်မှု ပိုမိုဆိုးရွားတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
စစ်ဘေးရှောင်တွေကို ကူညီရာမှာ ရိက္ခာပြတ်တောက်လုနီးပါး ဖြစ်နေသူတွေကို ဦးစားပေး လှူဒါန်းနေရပြီး အဲ့ဒီလို လှူဒါန်းတာကို စစ်ရှောင် ပြည်သူတွေ နားလည်အောင် ရှင်းပြနေရတဲ့ အခက်အခဲတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ စစ်ဘေးရှောင်စခန်းတွေ သွားကူတဲ့ အခါမှာ အရမ်းဆန်ပြတ်လပ်တဲ့ သူတွေကိုပဲ ကူရတဲ့အခါမှာ အချက်အလက်တွေ အတိအကျ ကောက်ရတာတွေရှိတယ်။ အဲ့လို လုပ်ဖို့အတွက် သူတို့နားလည်ဖို့ လိုတယ်။ သူတို့ လက်ခံဖို့လည်း လိုတယ်။ တချို့ စစ်ဘေးရှောင်တွေကလည်း ရိက္ခာ လိုချင်ကြတယ်။ ဒါပေမယ့် ပိုလိုအပ်တဲ့လူ ပိုပေးချင်တော့ အခက်အခဲ ဖြစ်တာမျိုးရှိတယ်” လို့ စစ်ရှောင် ကူညီသူတစ်ဦးက ဆိုပါတယ်။
ကရင်နီပြည်နယ်တွင်း သွားလာရေး ခက်ခဲတာကြောင့် အလှူရှင် နည်းပါးလာတဲ့အပြင် ကုန်ဈေးနှုန်း မြင့်တက်လာမှုကြောင့် ရရှိတဲ့ အကူအညီတွေနဲ့ မလုံလောက်ဘူးလို့ ဆိုပါတယ်။
လက်ရှိ ရိက္ခာပြတ်လုနီးပါး ဖြစ်နေတဲ့ ကရင်နီ စစ်ရှောင်စခန်းတွေ အတွက် စစ်ရှောင် ကူညီသူတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တစ်ဦးချင်း အလှူရှင်တွေ အပါအဝင် ဒေသတွင်းက အဖွဲ့အစည်းတွေ အားလုံး ဝိုင်းဝန်း အဖြေရှာ ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။
“နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့တွေကနေပြီးတော့ ထောက်ပံ့ချင်တာတွေ ဆိုရင် အဆိုပြုစာရေးပြီး ပို့ပေးတာတို့၊ အရပ်ဖက် မြေပြင်က အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အကူအညီတွေရအောင် ချိတ်ဆက် ကြိုးစားတာတွေရှိတယ်။ အရပ်ဖက် လူမှု အဖွဲ့အစည်းတွေဆီကနေလည်း ပုံစံမျိုးစုံနဲ့ အကူအညီရအောင် ကြိုးစားနေတယ်။ ဒီက အရပ်ဖက် အဖွဲ့အစည်းတွေက နိုင်ရာကဏ္ဍနဲ့ ဘက်ပေါင်းစုံကနေ စစ်ရှောင်တွေကို ကူညီ ဖြေရှင်းပေးနေပါတယ်” လို့ Freelance volunteer Myanmar အဖွဲ့ တာဝန်ခံက ပြောပြပါတယ်။
FVM အဖွဲ့ အပါအဝင် ပြည်တွင်း၊ ပြည်ပ ရန်ပုံငွေ ရှာဖွေရေး အဖွဲ့တွေ အနေနဲ့ ကရင်နီပြည်နယ်တွင်းက စစ်ဘေးရှောင် ပြည်သူတွေအတွက် ကမ်ပိန်းတွေ ပြုလုပ်ပြီး ရန်ပုံငွေ ရှာဖွေပေးနေပေမယ့် နွေဦးတော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ ပါဝင်သူ နည်းပါးလာတာကြောင့် စစ်ရှောင်တွေ အတွက် စားနပ်ရိက္ခာ မလုံလောက်မှုကို ဖြေရှင်းရ ခက်နေသေးတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
MK-009
#MeKongNews
#ကရင်နီပြည်
#Freelance_volunteer_Myanmar
#စစ်ဘေးရှောင်








