မဲခေါင်၊ သြဂုတ် ၂၄
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLF ဖွဲ့စည်းကြောင်း ဇူလိုင်လ ၂၉ ရက်နေ့က ကြေညာပြီး နောက်ပိုင်း ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယနဲ့ ရွာငံမြို့နယ် အပြင် ထိစပ်နေတဲ့ သာစည်၊ ရပ်စောက်၊ အင်တော စတဲ့ မြို့နယ်တွေက ပြည်သူ ၅၀ နီးပါး ဖမ်းဆီး ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ဖမ်းဆီးခံရသူတွေ အနက် ၁၀ ဦး ဝန်းကျင် ပြန်လွတ်လာပေမယ့် အများစုကိုတော့ သက်ဆိုင်ရာ မြို့နယ်တွေရဲ့ ရဲစခန်းမှာ ချုပ်နှောင်ထားဆဲဖြစ်ပြီး တချို့ကိုတော့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) စစ်ကြောရေး စခန်း ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
DPLF ရဲဘော် တစ်ဦးက “ကြေညာပြီးတဲ့ နောက်မှာတော့ ပြည်သူတွေကလည်း ထောက်ခံတယ် ဆိုတာ သိကြရမှာပါ။ ကြိတ်ထောက်ခံတာ၊ ပွင့်ပွင့်လင်းလင်း ထောက်ခံတာတွေလည်း ရှိတယ်။ ဒါပေမယ့် ထောက်ခံသူတွေ ရဲရဲတင်းတင်း မထောက်ခံရဲအောင် သူတို့ (စစ်ကောင်စီ) က ဒီလို ဖမ်းဆီးတာတွေ လုပ်တယ်။ ပြီးတော့ ကျနော်တို့မှာ အသစ်ဝင်လာကြမယ့် ရဲဘော်အသစ်တွေ ရှိတယ်။ အဲရှိတဲ့ဟာတွေ ကျနော်တို့ဆီ မလာရဲအောင် မဆက်သွယ်ရဲအောင် ဆိုတဲ့ အနေအထားနဲ့ သူတို့ ဖမ်းဆီးနေတာလို့ မြင်တယ်” လို့ ပြောပါတယ်။
ဇူလိုင်လ ၂၉ ရက်ကနေ ဩဂုတ်လ ၄ ရက်နေ့အထိ ပင်းတယနဲ့ ရွာငံမြို့နယ်မှာ စစ်ကောင်စီ ဖမ်းဆီးထားတဲ့ အရပ်သား ၂၀ ကျော်အထိ ရှိပြီး လူနေအိမ် ၄ လုံး မီးရှို့ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အဲဒီဒေသတွေနဲ့ ထိစပ်နေတဲ့ သာစည်၊ ရပ်စောက်၊ အင်တော စတဲ့ မြို့နယ်တွေမှာ ဇူလိုင်လ ၂၉ ရက် ကနေ ဩဂုတ်လ ၁၉ ရက်နေ့အထိ အရပ်သား အယောက် ၂၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ အဖွဲ့ ပေါ်လာလို့ ဖမ်းတာ ဖြစ်နိုင်တယ်။ ရပ်စောက်ဆိုလည်း ဓနုဒေသ ဖြစ်လို့ DPLF ပေါ်လာလို့ ဖမ်းတာ သေချာပေါက် ဖြစ်နိုင်တယ်။ တကယ်ကြီး တိုက်ရိုက် ပတ်သက်လား ဆိုတာကတော့ သူတို့ သိချင်မှ သိလိမ့်မယ်။ ရပ်စောက်မှ မဟုတ်ဘူး။ ပင်းတယ၊ ရွာငံ မှာတွေလည်း ဖမ်းနေကြတာပဲ။ ဒါပေမယ့် အခု တိုက်ဆိုင်တာကတော့ ကျနော်တို့အဖွဲ့ ကြေညာပြီးမှ ဓနုဒေသမှာ တောက်လျှောက် ဖြစ်လာတာ” လို့ DPLF ရဲဘော်က ရှင်းပြပါတယ်။
စစ်အာဏာသိမ်းထားတဲ့ ၂ နှစ်ခွဲကျော် ကာလအတွင်း ဓနုဒေသမှာ စစ်ကောင်စီက သတ်ဖြတ်ခဲ့တဲ့ အရပ်သား ၄၀ ကျော်အထိ ရှိပြီး မီးရှို့ခံရတဲ့ လူနေအိမ်ပေါင်း အလုံး ၅၀ ကျော်အထိ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
CJ-007
#MeKongNews
#ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး
#ရပခ
#ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ








