မဲခေါင်၊ ဩဂုတ် ၂၃
ကရင်နီပြည်နယ်၊ ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF အပါအ၀င် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ဒီးမော့ဆို PDF နဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဩဂုတ်လ ၂ ရက် ကတည်းက ဒီးမော့ဆို၊ ငွေတောင်ရွာသစ်နဲ့ ထီးသော်ကူးကျေးရွာဘက်ကို စစ်ကောင်စီက အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးခဲ့ရာက လက်ရှိအချိန်ထိ တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပါတယ်။
“၂ ရက်ကနေ ၁၄ ရက်အထိ တိုက်ပွဲတွေမှာ သူတို့ (စစ်ကောင်စီ) ၇၀ ကျော်လောက် သေသွားတော့ ခဏ ပြန်ငြိမ်သွားသေးတယ်လေ။ ၂၁ ရက်က ပြန်စတယ်။ လူအင်အားလည်း ထပ်ဖြည့်လာတယ် ဆိုတော့ တိုက်ပွဲတွေ ဆက်ဖြစ်လာဦးမှာပါ” လို့ သူကရှင်းပြပါတယ်။
ဩဂုတ်လ ၁၅ ရက်ကစပြီး တိုက်ပွဲတွေ ခေတ္တပြန်ငြိမ်သွားပေမဲ့ စစ်ကောင်စီက စစ်အင်အား ဆက်တိုက်ဖြည့်ပြီး အခုရက်ပိုင်း ပြန်လည် ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက် ကလောမြို့ အခြေစိုက် တပ်မ (၅၅) လက်အောက်ခံတပ်ရင်း ၅ ရင်းခန့် စုပေါင်းပြီး ဩဂုတ်လ ၂၁ ရက်မှာ ထီးသော်ကူးနဲ့ ငွေတောင်ရွာသစ်ကျေးရွာဘက်ကို ထပ်မံ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပြန်လည် စတင်ခဲ့တာလို့ ဒီးမော့ဆို PDF နဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။
“သူတို့ (စစ်ကောင်စီ) ထိုးစစ် ပြန်စလို့ တိုက်ပွဲတွေ ပြန်စလာတယ်ပဲ ပြောရမယ်။ ပြည်ထောင်စု လမ်းမကြီးကို ပြန်လိုချင်တော့ အသည်းအသန်ကို ကြိုးစားနေတာ။ ဘာလို့လဲ ဆိုတော့ ကရင်နီပြည်နယ်ထဲက စစ်သားတွေကို လက်နက်နဲ့ ရိက္ခာတွေပို့ဖို့ ပြည်ထောင်စု လမ်းမကြီးက လိုကိုလိုတယ်။ ဒါကြောင့်လည်း ဒီလမ်းကို ပြန်ထိန်းချင်နေတာ” လို့ သူကရှင်းပြပါတယ်။
လက်ရှိ တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာနဲ့ တိုက်လေယာဥ် အသုံးပြု ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၂ ရက်ကနေ ၁၄ ရက်အတွင်း တိုက်ပွဲတွေမှာ စစ်တပ် တပ်ရင်းမှူး တစ်ဦး၊ ဒုတပ်ရင်းမှူး တစ်ဦး အပါအ၀င် စစ်ကောင်စီတပ်သား ၇၀ ကျော်ကို တော်လှန်ရေး အင်အားစုတွေ သုတ်သင်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား ရရှိခဲ့တယ်လို့ ဒီးမော့ဆို PDF က ထုတ်ပြန်ထားပါတယ်။
MK-007
#MekongNews
#ဒီးမော့ဆို-ဖရူဆို
#ဒီးမော့ဆို_PDF
#တပ်မ(၅၅)








