မဲခေါင်၊ ဩဂုတ် ၁၁
စစ်ကောင်စီတပ်မှ ရဲဘော် ၂ ဦး လက်နက်ခဲယမ်းများနဲ့ အတူ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- K.N.L.A ထံ လာရောက် အလင်း၀င် ပူးပေါင်းလို့ ဆုငွေချီးမြှင့်ခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး-KNU ဗဟိုက ထုတ်ပြန်ပါတယ်။
သြဂုတ်လ ၈ ရက်နေ့က စစ်ကောင်စီတပ်မှ ဒု-တပ်ကြပ် တစ်ဦးနဲ့ တပ်သား တစ်ဦးတို့ဟာ KNLA – ပူးပေါင်း တပ်ဖွဲ့ထံသို့ လာရောက် ပူးပေါင်းခဲ့ရာ ၆၀ မမ စိန်ပြောင်း တစ်လက်၊ ၆၀ မမ ကျည် ၅ လုံး၊ MA-2 တစ်လက်၊ ကျည်ဘောက် ၅ ဘောက်နဲ့ MA-2 ကျည် ၁၅၀ တောင့်တို့ ယူဆောင်လာတယ်လို့ ဖော်ပြထားပါတယ်။
ပူးပေါင်းလာတဲ့ ရဲဘော်တွေ ကတော့ တပ်မ (၄၄) လက်အောက်ခံတပ်မှ ဒု-တပ်ကြပ်နဲ့ တပ်သား တို့ဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ မတရားဖိနှိပ် အုပ်ချုပ်မှုကို မနှစ်သက်တဲ့အတွက် တော်လှန်ရေး ပြီးဆုံးတဲ့အထိ K.N.L.A နဲ့အတူ အာဏာရှင်စနစ်ကို တိုက်ထုတ် တိုက်ပွဲဝင်သွားမယ်လို့ KNLA ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော က ပြောပါတယ်။
လက်နက်တွေနဲ့အတူ ပူးပေါင်းတဲ့ အဲဒီရဲဘော် ၂ ဦးကို စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော က တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅ သောင်းစီ ဆုချီးမြှင့် ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကော်ဘရာ စစ်ကြောင်းပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လက်ခတ်တောင် တပ်စခန်းကို ဇူလိုင် ၂၁ ရက်မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ဇူလိုင်လ ၂၄ ရက်ကစပြီး လက်ခတ်တောင်စခန်း ပြန်လည်ရရှိဖို့ တပ်အင်အား ဖြည့်တင်း ကြိုးပမ်းနေပေမယ့် KNLA- ပူးပေါင်းတပ်ဖွဲ့များရဲ့ စောင့်ကြို ပစ်ခတ်မှုကြောင့် အရာရှိ အပါအဝင် ထိခိုက်သေဆုံးမှု များတဲ့အတွက် တပ်ပြန်ဆုတ်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
MK-005
#MeKongNews
#K.N.L.A
#အလင်း၀င်
#တပ်မ(၄၄)









