မဲခေါင်၊ ဩဂုတ် ၉
စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ လဲချားမြို့နယ်မှာ စစ်ကောင်စီက ဒီကနေ့ ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ် ပျံသန်း ခြိမ်းခြောက်ခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၁၀ နာရီခန့်မှာ တစ်ကြိမ်နဲ့ ၁၂ နာရီ ၀န်းကျင်မှာ တစ်ကြိမ် နမ့်စန်လေတပ်မှ ပျံတက်လာတဲ့ တိုက်လေယာဉ်က SSPP တပ်တွေရှိတဲ့ လဲချားမြို့နယ်ထဲ ပျံသန်း ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ SSPP/SSA တို့ စစ်ရေး တင်းမာနေတဲ့ ကန်းအွန်ကျေးရွာ၊ ဟိုင်းဆိုင်ကျေးရွာ၊ နမ့်လုတ်ကျေးရွာ၊ နမ့်ပေါက်ကျေးရွာ၊ နောင်ကျန်ကျေးရွာ၊ မက်လန်းကျေးရွာ၊ နောင်လိုင်ကျေးရွာ၊ မန်မိုင်ဆုန်ကျေးရွာ စတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီဘက်က ဂျက်လေယာဉ် တစ်စီးနဲ့ ၂ ကြိမ် ပျံသန်းခြိမ်းခြောက်သွားတာ ဖြစ်တယ်လို့ SSPP ဆိုပါတယ်။
ဒေသခံ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ SSPP တပ်တွေရှိတဲ့ဘက်ကို စစ်ကောင်စီ တိုက်လေယာဉ် ပျံသန်းတာ တွေ့ရပေမယ့် ပစ်ခတ်မှု ပြုလုပ်တာတော့ မတွေ့ဘူးလို့ ပြောပါတယ်။
“စစ်တပ်လေယာဉ် တစ်စီး ပျံတာတော့ တွေ့ရတယ်။ ပစ်တာတော့ မရှိဘူးထင်တယ်။ ပစ်ခတ်တာ ဘာညာတော့ မကြားရသေးဘူး။ ဝတ်စုံစိမ်း(SSPP တပ်ဖွဲ့) တွေတော့ အများကြီးပဲ” လို့ လဲချား ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ မနေ့ကလည်း လဲချားမြို့နယ်မှာ ရဟတ်ယာဉ်နဲ့ ပျံသန်း ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“မနေ့က လဲချားမြို့ပေါ်နဲ့ အနီးတစ်ဝိုက်က ရွာတွေပေါ်ကို ရဟတ်ယာဉ်နဲ့ ပတ်ပျံပြသေးတယ်။ ခြိမ်းခြောက်တဲ့ သဘောထင်တယ်။ မြို့ခံတွေကတော့ တိုက်ပွဲမြို့ပေါ်ထိ ဖြစ်လာမှာကိုလည်း စိုးရိမ်နေရတယ်။ အတိုက်ခံရတဲ့ မက်လန်းရွာ စခန်းက လဲချားမြို့ အဝင်မှာပဲ ဆိုတော့ နီးနီးလေးပဲလေ” လို့ လဲချားမြို့ခံ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ လဲချားမြို့ပေါ်မှာ ညမထွက်ရ အမိန့်ထုတ်ထားတဲ့အပြင် ပြည်သူ့စစ်တွေနဲ့ အင်အားဖြည့်တင်းပြီး မက်လန်းကျေးရွာ အတွင်း တပ်စွဲကာ ဒေသခံတွေကို ရွာပြင် ထွက်ခွင့်မပြုဘဲ ဓားစာခံ ပြုလုပ်ထားပါတယ်။
အဆိုပါ စစ်ရေး အခြေအနေနဲ့ ပတ်သက်ပြီး SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန် ကို ဆက်သွယ် မေးမြန်းပေမယ့် ဖုန်းလက်ခံ ဖြေကြားမှု မရှိပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့မှ စစ်ကောင်စီနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ /ရှမ်းပြည် တပ်မတော် SSPP/SSA တို့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၂ ဦး သေဆုံးပြီး ၂၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ SSPP က ထုတ်ပြန်ထားပါတယ်။
CJ-002
#MeKongNews
#လဲချားမြို့နယ်
#SSPP
#ဂျက်တိုက်လေယာဉ်








