မဲခေါင် ၊ ဩဂုတ် ၇
SSPP နဲ့ တိုက်ပွဲဖြစ်ပွားတာကြောင့် စစ်ကောင်စီက ပင်လုံ – လဲချား – မိုင်းနောင် လမ်းမကြီးကို သွားလာခွင့် ပိတ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
မနေ့ မနက်မှာ စစ်ကောင်စီနဲ့ SSPP တပ်ဖွဲ့ဟာ လဲချားမြို့နယ်အတွင်း နေရာ ၂ ခုထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုလည်းရှိခဲ့ပါတယ်။
အဲ့ဒီလို တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဟာ ပင်လုံ – လဲချား – မိုင်းနောင် လမ်းမကြီးပေါ်ရှိ နေရာအချို့မှာ သံဆူးကြိုးပါ အတားအဆီးတွေပြုလုပ်ပြီး သွားလာခွင့်ပိတ်ထားခဲ့တာဖြစ်ပါတယ်။
“မနေ့မနက်တိုက်ပွဲဖြစ်ပွားတော့ ပင်လုံကနေ လဲချား လမ်းကြားမှာတစ်နေရာ လဲချားနဲ့ မိုင်းနောင်ကြားက လမ်းခွဲမှာတစ်နေရာ စစ်တပ်ဘက်က ကားတွေနဲ့ လာပြီး လမ်းပိတ်ထားခဲ့တယ်လို့ ကားသမားတွေက ပြောပြတယ်ဗျ။ အပြီးပိတ်တာတော့မဟုတ်ဘူး စစ်ရေးအခြေအနေအရ ခဏပိတ်ထားတာလို့တော့ ပြောတယ်ဗျ” လို့ လဲချားမြို့နယ် ဒေသခံတစ်ဦးကပြောပါတယ်။
ပင်လုံ-လဲချားကြားမှာ ပိတ်ထားတဲ့ လမ်းကိုတော့ ပြန်လည်ဖွင့်ပေးပြီလို့ သိရပေမယ့် လဲချား-မိုင်းနောင်းကြားက ကားလမ်းကိုတော့ ပြန်ဖွင့်ပေးခြင်းရှိ မရှိ မသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
“သူတို့လာပြီးတော့ သံဆူးကြိုးပါတဲ့ ဟာတွေနဲ့ပိတ်ထားတယ်။ ပြီးတော့ လမ်းဘေးမှာလည်း ကားတာယာတွေနဲ့ ကတုတ်ကျင်းသဘောမျိုး အတားအဆီးပြုလုပ်ထားပြီး နေရာယူထားတယ်။” လို့ လဲချားမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကနေ့ မနက် ၆ နာရီကျော်အချိန်မှာ စစ်ကောင်စီက အင်အား ၇၀ လောက်နဲ့ လဲချားမြို့ အရှေ့တောင်ဘက် ဟိုင်းဆိုင်အုပ်စု နမ့်ပေါက်ရွာအနီးမှာရှိတဲ့ SSPP တပ်စခန်းကို တိုက်ခိုက်ခဲ့တာကြောင့် လဲချားမြို့အရှေ့ မြောက်ဘက်ဘက်အထွက် ၃ မိုင်အကွာ လဲချား-မိုင်းနောင် လမ်းမပေါ်က မက်လန်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ စခန်းကို SSPP က ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီနဲ့ SSPP တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မက်လန်းကျေးရွာဘက်မှ ဒေသခံတစ်ချို့ဟာ လဲချားမြို့ပေါ်ကို တိမ်းရှောင်လာကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
“တိုက်ပွဲကတော့ မနက်ပိုင်းမှာဖြစ်တာပေါ့။ နေ့လည်အချိန်ကစပြီး အခုအထိ ပစ်ခတ်သံတော့ ထပ်မကြားရတော့ဘူး။ ဒီမနက်ကတော အကြီးသံကော လက်နက်ငယ်သံကောကြားရတယ်။ ဒေသခံတစ်ချို့က ကြောက်တော့ မြို့ပေါ်မှာရှိတဲ့ ဆွေမျိုးတွေဆီမှာ တိမ်းရှောင်လာတာတော့ရှိယ်။” လို့ လဲချားမြို့ခံတစ်ဦးကပြောပါတယ်။
လဲချားမြို့ပေါ်ကို ပြည်သူအချို့ တိမ်းရှောင်လာခဲ့ကြရာမှာ လူဦးရေ ရာဂဏန်းခန့်ရှိမယ်လို့ ခန့်မှန်းရပေမယ့် တိမ်းရှောင်လာသူတွေဟာ ၎င်းတို့ရဲ့ ဆွေမျိုးတွေထံမှာ ခိုလှုံကြတာကြောင့် အတိအကျ မသိရသေးဘူးလို့ သူကပြောပါတယ်။
လဲချားမြို့နယ်အတွင်းရှိ SSPP တပ်စခန်း ၁၀ ခုကို ဖယ်ရှားပေးရန် စစ်ကောင်စီက ပြီးခဲ့ ဇွန်လအတွင်း ၂ ကြိမ်တိုင်တိုင် အကြောင်းကြားခဲ့တဲ့အချိန်မှာ စစ်ရေးအရ ဖယ်ပေးနိုင်မှာမဟုတ်ပဲ စစ်ကောင်စီက စတင်ပစ်ခတ်တိုက်ခိုက်လာရင် ပြည်လည်တိုက်ခိုက်မယ်လို့ SSPP ဘက်ကတုန့်ပြန်ထားပါတယ်။
ဒါကြောင့် နှစ်ဖက်အဖွဲ့ကြားမှာ စစ်ရေးတင်းမာလာခဲ့ကြပြီး အင်အားတွေ ဖြည့်တင်းခဲ့ကြရာကနေ မနေ့ မနက်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဘက်မှ တပ်ဆုတ်ခိုင်းခဲ့တဲ့ လဲချားမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့တပ်စခန်း (၁၀) နေရာဟာ ဌာနချုပ် လုံခြုံရေးအတွက်ကြောင့် မည်သည့်အကြောင်းပြချက် နဲ့ မှ တပ်ပြန်လည် မဆုတ်ပေးနိုင်ကြောင်း အာဏာသိမ်းစစ်ကောင်စီဖက်ကို ခိုင်မာစွာ အကြောင်းပြန်ခဲ့ပြီးဖြစ်တယ်လို့ SSPP က ထုတ်ပြန်ချက်မှာပြောပါတယ်။
ဒီကနေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အသေးစိတ်မေးမြန်းဖို့ SSPP ပြောရေးဆိုခွင့်ရှိသူတွေကို အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။
CJ 002
#MeKongNews
#SSPP
#စစ်ကောင်စီ
#လဲချား
#မိုင်းနောင်
#ပင်လုံ








